ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် နေထိုင်သည့် မြန်မာနိုင်ငံသား LGBT အမျိုးသားတစ်ဦးဖြစ်သူ ဧရာဝတီမသည် ယမန်နေ့(ဇန်နဝါရီ ၁၉ရက်) ညပိုင်းက နေအိမ်မှ ပျောက်ဆုံးသွားခဲ့ပြီးနောက် ယနေ့တွင် ခန္ဓာကိုယ်၌ ဒဏ်ရာများစွာဖြင့် သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။
၎င်းပျောက်ဆုံးသွားချိန်မှစ၍ မိသားစုဝင်များနှင့် သူငယ်ချင်းများက လူမှုကွန်ရက်ပေါ်တွင် ဝိုင်းဝန်းရှာဖွေခဲ့ကြသော်လည်း ယခုကဲ့သို့ စိတ်မကောင်းဖွယ်ရာ သတင်းဆိုးနှင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။
သေဆုံးသူ ဧရာဝတီသည် ပျောက်ဆုံးသွားသည့်ညက ၎င်းပိုင်ဆိုင်သည့် တန်ဖိုးကြီး iPhone 17 Pro Max ဖုန်း နှစ်လုံး၊ ရွှေဆွဲကြိုး၊ ဟန်းချိန်းနှင့် ရွှေလက်စွပ် နှစ်ကွင်းတို့ကို ဝတ်ဆင်ယူဆောင်သွားခဲ့ကြောင်း သိရသည်။ သို့သော် အလောင်းကို ပြန်လည်တွေ့ရှိချိန်တွင် အဆိုပါ တန်ဖိုးကြီးပစ္စည်းများနှင့် ရွှေထည်များ အားလုံး ပါသွားခဲ့ပြီဖြစ်ရာ ယခုဖြစ်စဉ်မှာ ပစ္စည်းလုယက်လို၍ ရက်စက်စွာ သတ်ဖြတ်ခံရခြင်းဖြစ်နိုင်ကြောင်း ယူဆနေကြသည်။
အခင်းဖြစ်ပွားသည့်ညက သေဆုံးသူထံသို့ ဖုန်းဆက်သွယ်သော်လည်း လက်ခံဖြေကြားခြင်းမရှိဘဲ ပျောက်ဆုံးနေခဲ့ခြင်းဖြစ်ကြောင်း သူငယ်ချင်းများ၏ ရေးသားချက်အရ သိရသည်။ လက်ရှိတွင် ၎င်း၏ ရုပ်အလောင်းကို စစ်ဆေးမှုများ ပြုလုပ်နိုင်ရန် သက်ဆိုင်ရာက ဆောင်ရွက်နေပြီး ခန္ဓာကိုယ်ပေါ်တွင် တွေ့ရှိရသည့် ဒဏ်ရာများအရ လူမဆန်စွာ နှိပ်စက်သတ်ဖြတ်ခံထားရသည့် လက္ခဏာများ တွေ့ရှိနေရသည်။
ယခုကဲ့သို့ မဲဆောက်မြို့တွင် မြန်မာနိုင်ငံသားတစ်ဦး တန်ဖိုးကြီးပစ္စည်းများ လုယက်ခံရပြီး ရက်စက်စွာ သတ်ဖြတ်ခံရမှုကြောင့် ဒေသခံမြန်မာလုပ်သားများကြားတွင် ထိတ်လန့်တုန်လှုပ်မှုများ ဖြစ်ပေါ်နေသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ တရားခံကို အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ထိုင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ စတင်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။
