မွန်ပြည်တော်လှန်ရေးတပ် MSRF အရာရှိပိုင်းတစ်ဦးအပါအဝင် ရဲဘော် ၁၄ ဦးထွက်ပြေး

ဓာတ်ပုံ - MSRF
ပုံစာ - ထွက်ပြေးသွားသည့် ရဲဘော်များ စာရင်း

မွန်ပြည်တော်လှန်ရေးတပ် (MSRF) တွင် ၂ နှစ်တာကာလအတွင်း အရာရှိပိုင်းတစ်ဦး အပါအဝင် ရဲဘော် ၁၄ ဦး ထွက်ပြေးသွားသည့်အတွက် ၎င်းတို့အား တပ်ပြေးအဖြစ် သတ်မှတ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ အရာရှိပိုင်းတစ်ဦးသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ထွက်ပြေးခဲ့ခြင်းဖြစ်ပြီး ယင်းလအတွင်းမှာပင် ရဲဘော်တစ်ဦးလည်း တစ်ဦးတည်း ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

MSRF ၏ ထုတ်ပြန်ချက်အရ တပ်ပြေးအဖြစ် သတ်မှတ်ခံရသူများတွင် ရဲဘော် နိုင်ဇွဲအောင်၊ နိုင်ထွီး (ခေါ်) အပေါ၊ နိုင်သိုက်ထော၊ နိုင်ထွန်းအေး၊ နိုင်စန်းအေး၊ နိုင်ဗညာ၊ နိုင်အောင်ချမ်း၊ နိုင်ခါရ၊ နိုင်ဉာဏ်သိုက်၊ နိုင်အောင်းနွန်၊ နိုင်းမင်းထွန်း၊ နိုင်အောင်းဇန၊ နိုင်ဟောင်းချမ်း (ခေါ်) မင်္ဂလွမ် နှင့် နိုင်ဒင် တို့ ပါဝင်သည်။

“အားလုံး တစုတစည်းတည်း ထွက်ပြေးတာမဟုတ်ဘူး။ ကိုယ့်အစီအစဉ်နဲ့ တစ်ဦးချင်းပုံစံမျိုး ထွက်ပြေးကြတာပါ” ဟု မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့် နီးစပ်သူတစ်ဦးက MPA သို့ ပြောကြားသည်။

အဆိုပါ ၁၄ ဦးသည် ၂၀၂၄ ခုနှစ်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့အထိ ရှေ့တန်းနှင့် နောက်တန်း တာဝန်များ ထမ်းဆောင်နေစဉ်အတွင်း အသီးသီး ထွက်ပြေးခဲ့ကြခြင်း ဖြစ်သည်။

သတ်မှတ်ရက်အတွင်း မိခင်တပ်ရင်းသို့ ပြန်လည်ရောက်ရှိလာခြင်း မရှိသည့်အတွက် ၎င်းတို့အား တပ်ပြေးအဖြစ် ကြေညာခဲ့ခြင်းဖြစ်ကြောင်း MSRF က ဆိုသည်။

“အရာရှိပိုင်းတစ်ဦး ပါဝင်တယ်လို့ ကြားသိရတယ်။ သူလည်း တစ်ယောက်တည်းပဲ ထွက်ပြေးတာပါ။ ဒါဟာ သူ့ရဲ့ ပုဂ္ဂိုလ်ရေးကိစ္စဖြစ်နိုင်ပါတယ်။ သူက တပ်မှာလည်း ဘာအပြစ်မှ လုပ်ထားတာမရှိဘူး။ စည်းကမ်းလိုက်နာသူဖြစ်လို့ ရဲဘော်တိုင်း အားကျလေးစားရသူမျိုးပါ။ ဘာကြောင့် အခုလို ထွက်ပြေးသွားတာလဲဆိုတာတော့ မသိရဘူး” ဟု MSRF တပ်နှင့် နီးစပ်သည့် အခြားသူတစ်ဦးက ပြောသည်။

တပ်ပြေးအဖြစ် ကြေညာခံရသူများအနက် တစ်ဦးမှာ ၂၀၂၄ ခုနှစ်အတွင်း ရေဖြူနှင့် ရေးမြို့နယ်အစပ် ရှေ့တန်းတစ်ခုတွင် သေနတ်နှင့်အတူ ထွက်ပြေးခဲ့ခြင်းဖြစ်ပြီး ကျန်သည့်ရဲဘော်များမှာ လက်နက်ခဲယမ်းများ ယူဆောင်သွားခြင်းမရှိကြောင်း MPA ၏ စုံစမ်းသိရှိရမှုအရ သိရသည်။

ယခု တပ်ပြေးအဖြစ် ကြေညာခံထားရသူများသည် မည်သည့်နေရာသို့ ထွက်ပြေးသွားသည်ကို မသိရှိရသလို ၎င်းတို့အားလုံးသည် မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့် လုံးဝသက်ဆိုင်ခြင်းမရှိတော့ကြောင်း တပ်ဘက်က အသိပေးထားသည်။

“တပ်တစ်ခုမှာ တပ်ပြေးရှိတာက မထူးဆန်းပေမဲ့ အခုလို ကိုယ်ယုံကြည်ရတဲ့သူတွေ၊ အရာရှိပိုင်းတွေပါ ထွက်ပြေးတာကတော့ ပြောစရာဖြစ်သွားတယ်။ အေးအေးဆေးဆေး ထွက်ပြေးတာဆိုရင် ပြဿနာမဟုတ်ပေမဲ့ ရန်သူနဲ့သွားပေါင်းတာမျိုးဖြစ်လာရင် နောက်ဆက်တွဲပြဿနာက ဘာဖြစ်မလဲဆိုတာ တပ်ဖွဲ့ဝင်တိုင်း သိပါတယ်။ ဒါဟာ နောင်မှာ ထပ်မဖြစ်အောင် သတိထားရမယ့်ကိစ္စလို့ ထင်တယ်” ဟု မွန်နိုင်ငံရေးသမားတစ်ဦးက မှတ်ချက်ပေးသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့တွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ခိုက်လိုသည့် လူငယ်များဖြင့် စတင်ဖွဲ့စည်းခဲ့သည့် MSRF သည် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် PDF၊ KNLA၊ NMSP-AD/RMA၊ MSDF အစရှိသည့် တော်လှန်ရေးမဟာမိတ်တပ်များနှင့်အတူ စစ်ရေးလှုပ်ရှားနေသည့် အဖွဲ့ဖြစ်သည်။

မွန်ပြည်တော်လှန်ရေးတပ် (MSRF) သည် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ကာကွယ်ရေးဌာန၏ လက်အောက်ခံတပ်လည်း ဖြစ်သည်။

အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို သိရှိနိုင်ရန် MSFC နှင့် MSRF တို့မှ ပြောရေးဆိုခွင့်ရှိသူများကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း တစ်စုံတစ်ရာ ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။