ဗန်းမောက်မြို့တစ်ဝက်ကို စစ်တပ်နှင့် SNA ပူးပေါင်းတပ်ဖွဲ့ ပြန်လည်ထိန်းချုပ်

ဓာတ်ပုံ-လူမှုကွန်ရက်
ပုံစာ - ဗန်းမောက်မြို့အဝင် ဆိုင်းဘုတ်၊ SNA တပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များကို တွေ့ရစဥ်

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာခရိုင်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် ဗန်းမောက်မြို့၏ တစ်ဝက်ခန့်ကို စစ်ကော်မရှင်တပ်နှင့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ပူးပေါင်းတပ်ဖွဲ့များက ပြန်လည်သိမ်းပိုက်ထားပြီး တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် နီးစပ်သူများထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၀ ရက်တွင် တော်လှန်ရေးတပ်ဖွဲ့များက ဗန်းမောက်မြို့ကို သိမ်းပိုက်နိုင်ခဲ့သော်လည်း၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၄ ရက်မှစ၍ စစ်ကော်မရှင်လက်အောက်ခံ တပ်မ (၃၃) နှင့် SNA ပူးပေါင်းစစ်ကြောင်းက မြို့အနောက်ခြမ်းမှစတင်ကာ ပြန်လည်ထိုးစစ်ဆင်လာခြင်း ဖြစ်သည်။

“နားယကာ၊ လွှစင်ကုန်း၊ မြနန္ဒာဘက်ခြမ်းတွေကို SNA တွေက ပြန်ရသွားတယ်။ တဖြည်းဖြည်းချင်း တိုက်ပွဲရပ်သွားလိုက်၊ ဖြစ်လိုက်နဲ့ ရှေ့ကိုတိုးလာတာ။ လေကြောင်းကတော့ အများကြီးသုံးတယ်။ သေတာက အရပ်သားရော၊ နှစ်ဖက်လုံးကပါ သေကြတာ။ SNA ဘက်က မြို့ရဲ့တစ်ဝက်လောက်ကို ပြန်ရသွားပြီ” ဟု တော်လှန်ရေးတပ်ဖွဲ့များနှင့် နီးစပ်သူတစ်ဦးက MPA သို့ ပြောသည်။

လက်ရှိတွင် ဗန်းမောက်မြို့အနောက်ခြမ်းရှိ နားယကာ၊ လွှစင်ကုန်းနှင့် မြနန္ဒာရပ်ကွက်များအပြင် အလယ်ရွာ၊ ကံရွာ၊ စက်တောနှင့် ခမိုးကျေးရွာများကို ဟုမ္မလင်းမြို့မှ စစ်ကူလာသည့် စစ်ကော်မရှင်နှင့် SNA ပူးပေါင်းတပ်များက ပြန်လည်ထိန်းချုပ်ထားကြောင်း သိရသည်။

“လေယာဉ်ကတော့ ဗန်းမောက်ဘက်ကို နေ့တိုင်းလာတယ်။ ဗုံးကြဲသွားတဲ့ရက်တွေလည်း ရှိတာပဲ။ ဗန်းမောက်အရှေ့ဘက်ခြမ်းကလူတွေနဲ့ တချို့ကလည်း ကသာဘက်ကို ရှောင်ကြတယ်။ ကသာမှာကလည်း မငြိမ်တော့ ထပ်ပြီး စစ်ရှောင်နေရတာကြောင့် အခြေအနေအတိအကျကြီးတော့ မသိရသေးဘူး” ဟု ဒေသခံနှင့် နီးစပ်သည့် စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုသည်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း စစ်ကော်မရှင်တပ်၏ မြစ်ကြီးနား၊ တံတားဦးနှင့် မိတ္ထီလာလေတပ်စခန်းများမှ တက်လာသည့် ဂျက်ဖိုက်တာနှင့် Y-12 စစ်ထောက်ပို့လေယာဉ်များဖြင့် ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် မြို့မဈေး၊ ဘုန်းကြီးကျောင်း၊ ဝန်ထမ်းအိမ်ရာ၊ ဟိုတယ်နှင့် လူနေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ရသည်။

“စစ်တပ်ဘက်က နည်းပညာမြင့်ဒရုန်းတွေ သုံးလာတယ်။ ဗန်းမော်နဲ့ ဗန်းမောက်မှာ အသေခံဒရုန်း၊ လက်နက်ကြီးနဲ့ လေယာဉ်ပစ်ကူတွေကတော့ မပါမဖြစ်ပဲ။ ဗန်းမော်မှာဆိုရင်လည်း စစ်တပ်ဘက်ကသုံးတဲ့ ဒရုန်းတွေက အရမ်းအဆင့်မြင့်လာတာ တွေ့ရတယ်” ဟု ဗန်းမောက်မြို့မှ စစ်ရှောင်လာသည့် အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံ ရှမ်းနီ၊ ကတူး၊ ကနန်း တိုင်းရင်းသား စစ်ဘေးရှောင် ၁,၅၀၀ ကျော်မှာ စနစ်တကျထားရှိသည့် စစ်ရှောင်စခန်းများမရှိခြင်း၊ စားနပ်ရိက္ခာနှင့် ကျန်းမာရေးစောင့်ရှောက်မှု ခက်ခဲခြင်း၊ ပညာရေးဝန်ဆောင်မှုများ မရရှိတော့ခြင်းတို့ကို ခံစားနေရကြောင်း SNUA အဖွဲ့က ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂ ရက်တွင် ထုတ်ပြန်ထားသည့် သဘောထားကြေညာချက်၌ ဖော်ပြထားသည်။

ဗန်းမောက်မြို့နယ်သည် အရှေ့ဘက်တွင် အင်းတော်မြို့၊ တောင်ဘက်တွင် ဝန်းသိုနှင့် ပင်လည်ဘူးမြို့၊ အနောက်ဘက်တွင် ဖောင်းပြင်နှင့် ဟုမ္မလင်းမြို့၊ မြောက်ဘက်တွင် မိုးညှင်းမြို့နယ်တို့နှင့် ထိစပ်နေပြီး SNA အင်အားကောင်းရာ ဒေသများလည်း ဖြစ်သည်။

လက်ရှိတွင် တော်လှန်ရေးတပ်ဖွဲ့များက စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ အင်းတော်၊ မော်လူး၊ ပင်လည်ဘူးနှင့် ဗန်းမောက်မြို့၏တစ်ဝက်ကို သိမ်းပိုက်ထားသော်လည်း၊ ဝန်းသိုမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးလှုပ်ရှားမှုများရှိနေပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ ဖမ်းဆီးသတ်ဖြတ်ခံရမှုများ ရှိနေကြောင်း သိရသည်။