မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်ရှိ စစ်ရှောင်စခန်းနှစ်ခုကို စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သားပြည်သူတစ်ဦး သေဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်၊ ညနေ ၄ နာရီဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်၏ မကွေးလေတပ်စခန်းမှ တက်လာသည့် ဂျက်ဖိုက်တာတစ်စင်းဖြင့် ကျောက်ထုတိုက်နယ်အတွင်းရှိ စစ်ရှောင်စခန်းနှစ်ခုကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“တစ်နေရာကတော့ ချောင်းခွစစ်ရှောင်စခန်း၊ နောက်တစ်ခုက လယ်ကြီးအိုင့်ရွာနားမှာ။ နေရာနှစ်ခုလုံးက စစ်ရှောင်တွေချည်းပဲ နေကြတာ။ စစ်ရှောင်စခန်းတောင်ဘက် ကားလမ်းမပေါ် တစ်ချက်၊ လယ်ကြီးအိုင့်ဘုန်းကြီးကျောင်းနားက နတ်စင်ရှေ့မှာ တစ်ချက်ကျတာ၊ စုစုပေါင်း သုံးချက်ကျတယ်” ဟု မြေပြင်အခြေအနေ သိရှိသူ အမျိုးသားတစ်ဦးက MPA သို့ ပြောသည်။
ထိုကဲ့သို့ စစ်ကော်မရှင်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောက်ထုတိုက်နယ်၊ ယောမြို့ကျေးရွာမှ အမျိုးသားနှစ်ဦးနှင့် လယ်ကြီးအိုင့်ကျေးရွာမှ အမျိုးသားနှစ်ဦး ဗုံးစထိမှန်ခဲ့ပြီး ၎င်းတို့အနက် တစ်ဦးမှာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
“တိုက်ပွဲဖြစ်တာမျိုးမရှိဘဲ အကြောင်းမဲ့ ဗုံးလာကြဲတာပါ။ ပေါင်ပြတ်သွားတဲ့သူတွေ၊ ဗုံးစမှန်ပြီး သွေးထွက်လွန်နေတဲ့သူတွေ အများကြီးပဲ။ တစ်ဦးကတော့ သေဆုံးသွားတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
ယခုရက်ပိုင်းအတွင်း ကျောက်ထုအမြောက်တပ်ရင်း (အမတ – ၃၆၈) မှ ခြေလျင်စစ်ကြောင်းများ ထွက်ရှိနေသဖြင့် အမြောက်တပ်ဝန်းကျင်ရှိ ကျေးရွာများအနေဖြင့် သတိထားနေထိုင်ကြရန် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက တိုက်တွန်းထားသည်။
“ကျောက်ထုအမြောက်တပ်ကနေ စစ်ကြောင်းထွက်တာတွေ စိပ်နေတယ်။ အမြောက်တပ်နဲ့ ငါးမိုင်ပတ်လည်က ရွာတွေကတော့ သတိထားနေရတယ်။ လမ်းသွားလမ်းလာတွေလည်း သတင်းကို သေချာနားစွင့်ပြီးမှ သွားလာရတာပေါ့။ အမြောက်တပ်ကလည်း လေထဲတင်ကွဲတဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာမျိုးတွေရှိတယ်” ဟု ကျောက်ထုဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။
လက်ရှိတွင် စစ်ကော်မရှင်က ဂန့်ဂေါခရိုင်အတွင်းရှိ မြို့နယ်များကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ အရပ်သားပြည်သူများအပြင် ကျွဲ၊ နွား တိရိစ္ဆာန်များပါ သေဆုံးမှုရှိနေကြောင်း ဒေသခံများက ပြောသည်။
စစ်ကော်မရှင်တပ်သည် ယောဒေသနှင့် ထိစပ်နေသည့် ပခုက္ကူခရိုင်အတွင်းရှိ မြိုင်၊ ပေါက်မြို့နယ်များနှင့် ချင်းပြည်နယ်အတွင်းရှိ မင်းတပ်၊ ကန်ပက်လက်မြို့နယ်များကိုလည်း ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိနေသည်။
