ရွေးကောက်ပွဲ ဆန့်ကျင်သူ အမျိုးသမီး ၈၀ အပါအဝင် ၄၀၀ ကျော်ကို စစ်ကော်မရှင် ဖမ်းဆီးထား

ဓာတ်ပုံ - MPA

တရားမဝင်ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ပျက်ပြားအောင် လုပ်ဆောင်သည်ဟုဆိုကာ အမျိုးသမီး ၈၀အပါအဝင် အယောက်၄၀၀ကျော်ကို စစ်ကော်မရှင်က ဖမ်းဆီးထားကြောင်း သိရသည်။

ဇန်နဝါရီ၂၀ရက်၊ နေပြည်တော်၌ ပြုလုပ်သည့်ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှု ဗဟိုကော်မတီအစည်းအဝေးတွင် စစ်ကော်မရှင် ပြည်ထဲရေးဝန်ကြီး ထွန်းထွန်းနောင်က အထက်ပါ အတိုင်းပြောသည်။

“စစ်ကော်မရှင်ရဲ ရည်ရွယ်ချက်က ရွေးကောက်ပွဲဖြစ်သွားဖို့သာ အဓိက၊နိုင်ငံတကာက မထောက်ခံ ဘူးပြောလည်း ဂရုမစိုက်ဘူး။တရုတ်နဲ့ရုရှားထောက်ခံရင် လုံလောက်ပြီဆိုတဲ့သဘောပဲ။အဲဒါကြောင့် ရွေးကောက်ပွဲကို ထိရင် ဖမ်းတယ်။ သေနတ်ထောက် ခြိမ်းခြောက်ပြီးလုပ်တဲ့ တရားမဝင်ရွေး ကောက်ပွဲလို့ ပြောလည်း အေးဆေးပဲ”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက MPA သို့ပြောသည်။

ဇန်နဝါရီ၁၉ရက်အထိ နိုင်ငံတစ်ဝန်း၌ ရွေးကောက်ပွဲကို နှောက်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာ ကွယ်ပေးရေးဥပဒေအရ အရေးယူထားမှု ၃၃၁မှုရှိပြီး အမျိုးသား၃၂၄ဦးအပါအဝင် စုစုပေါင်း ဖမ်း ဆီး အရေးယူထားသူ ၄၀၄ဦးရှိကြောင်း ထွန်းထွန်းနောင်က ပြောသည်။

“ရန်ကုန်မှာ ရွေးကောက်ပွဲအမှုနဲ့ အဖမ်းခံရသူ တော်တော်များများက ဖေ့စ်ဘွတ်ခ်ပေါ်မှာ ရွေး ကောက်ပွဲကို ဆန့်ကျင်ကြောင်းရေးလို့ ဖြစ်တာ။သူတို့ဖေ့စ်ဘွတ်ခ်ပေါ်ရေးတာကို စစ်တပ်တို့ဘာ တို့က သိလို့ အဖမ်းခံရတာ မဟုတ်ဘူး။ သူတို့နဲ့ နီးစပ်ရာပတ်ဝန်းကျင်ကလူတွေက သူတို့ရေးမှန်း သိပြီး တိုင်လို့ ဖြစ်တာ။တခြား နေရာတွေတော့ ကျနော်မသိဘူး”ဟု ရန်ကုန်မြို့ ရဲသတင်းရင်းမြစ်က ပြောသည်။

ရွေးကောက်ပွဲလုံခြုံရေးကို ထိခိုက်စေနိုင်သော လှုံ့ဆော် ဝါဒဖြန့်မှုများကို စဉ်ဆက်မပြတ် စုံစမ်း ဖော်ထုတ် အရေးယူသွားမည်ဟု ထွန်းထွန်းနောင်က ဆိုသည်။

ဇန်နဝါရီ၂၅ရက်တွင် တရားမဝင်ရွေးကောက်ပွဲအပိုင်း၃အဖြစ် ၆၃မြို့နယ်၌ ပြုလုပ်မည်ဖြစ်သည်။

စစ်တပ်ပြုလုပ်နေသည့် ရွေးကောက်ပွဲရလဒ်ကို အာဆီယံအနေနှင့် အသိအမှတ်ပြုမည်မဟုတ် ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က ဇန်နဝါရီ၂၀ရက်၌ ပြောကြား ထားသည်။