တောင်ကိုရီးယားနိုင်ငံ၊ တောင်ဂျိုလာပြည်နယ်တွင် ဇန်နဝါရီလ ၁၉ ရက်နေ့ကအသက် ၄၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးသည် မီးလောင်နေသော နေအိမ်အတွင်း ပိတ်မိနေသည့် သူမ၏ ကလေးငယ် ၃ ဦးကို ကယ်တင်ရန်အတွက် တိုက်ခန်း၏ အပြင်ဘက်နံရံအတိုင်း စွန့်စွန့်စားစား တွယ်ဆင်းခဲ့သည့် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။
မီးလောင်မှုမှာ ဒေသစံတော်ချိန် ညနေ ၅ နာရီ ၂၃ မိနစ်ခန့်တွင် ဂွမ်ယန်းမြို့ရှိ တိုက်ခန်း၏ ၅ ထပ်မြောက် အခန်းတစ်ခု၌ စတင်ခဲ့ခြင်းဖြစ်ပြီး၊ အခန်းအတွင်း အသက် ၅ နှစ်အောက် မိန်းကလေးငယ် ၃ ဦး ပိတ်မိကျန်ရစ်ခဲ့သည်။
မီးခိုးများနှင့် မီးတောက်များ ပြင်းထန်နေသောကြောင့် မိခင်ဖြစ်သူမှာ အရှေ့တံခါးမှတစ်ဆင့် အခန်းထဲသို့ မဝင်နိုင်ခဲ့ပေ။
ထို့ကြောင့် သူမသည် အပေါ်ထပ်အခန်းသို့ တက်သွားပြီးနောက် အပြင်ဘက်နံရံအတိုင်း လက်ဗလာဖြင့် တွယ်ဆင်းကာ သမီးငယ်များရှိရာသို့ ရောက်အောင်သွားခဲ့သည်။ သူမသည် မီးသတ်သမားများ ရောက်မလာခင်အထိ ကလေးငယ်များနှင့်အတူရှိနေပေးပြီး ၎င်းတို့ကို ဘေးကင်းအောင် ကာကွယ်ပေးထားခဲ့သည်။
မိခင်နှင့် ကလေး ၄ ဦးလုံးမှာ မီးခိုးအနည်းငယ် ရှူမိခဲ့ကြသော်လည်း ဇန်နဝါရီ ၂၀ ရက်နေ့တွင် ဆေးရုံမှ ဆင်းနိုင်ခဲ့ကြသည်။ မီးလောင်မှုကို ဇန်နဝါရီ ၁၉ ရက် ညနေ ၆ နာရီ ၁၈ မိနစ်တွင် အပြီးသတ် ငြှိမ်းသတ်နိုင်ခဲ့သည်။
တိုက်ခန်း၏ အပြင်ဘက်နံရံအတိုင်း တွယ်ဆင်းခြင်းမှာ လေ့ကျင့်ထားသော ကျွမ်းကျင်ပညာရှင်များအတွက်ပင် အလွန်အန္တရာယ်များပြီး၊ သာမန်အရပ်သားတစ်ဦးအနေဖြင့် ယခုကဲ့သို့ အောင်မြင်စွာ လုပ်ဆောင်နိုင်ခြင်းမှာ အလွန်ထူးခြားသည့် ဖြစ်ရပ်ဖြစ်ကြောင်း မီးသတ်တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အဆိုပါ မိသားစုကို မြို့တော်စည်ပင်မှ စီစဉ်ပေးသည့် ယာယီခိုလှုံရာသို့ ပို့ဆောင်ထားပြီး ဂွမ်ယန်းမြို့ တာဝန်ရှိသူများကလည်း ၎င်းတို့အတွက် ငွေကြေးထောက်ပံ့ကူညီရန် စီစဉ်နေကြသည်။
