ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်တွင် စစ်တပ်ဒရုန်းဗုံးထိမှန်ကာ အမျိုးသမီး ၂ဦးသေဆုံးပြီး ၂ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
စက်တင်ဘာ ၉ရက်၊ နံနက် ၇နာရီခန့်တွင် လက်ပံတန်းမြို့ပေါ် စစ်တပ်က သစ်ရောင်းပြင်ရွာကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၆၀အရွယ် ဒေါ်ခင်လှိုင်နှင့် အသက် ၅၀အရွယ် ဒေါ်စန်းဌေးတို့ သေဆုံးခဲ့ကြောင်း ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။
” ကျေးရွာအတွင်းကို ကျတာကတော့ ဗုံးနှစ်လုံးပဲကျတယ်။ အဲ့ကျေးရွာတွေက တော်လှန်ရေးတပ်ဖွဲ့တွေ အသွားအလာအဝင်အထွက် လုံးဝမရှိတဲ့ ဒေသတွေ ရွာတွေပဲဖြစ်တယ်ပေါ့နော်။ ခါတိုင်း စစ်ရေးတင်းမာမှုရှိတဲ့ အခြေအနေတောင်မှ အဲ့ရွာတွေက Freedom နေဆဲပေါ့နော်။ အဲ့လိုအခြေနေမျိုးမှာကျတော့ ပြည်သူတွေကလည်း ခပ်ပေါ့ပေါ့ပဲနေကြတာပေါ့။ သူတို့က အိမ်ပေါ်ကို တည့်တည်ကျတော့ အိမ်လုံးဝပျက်စီးသွားပြီးတော့ လူသေတာပေါ့နော်။ တစ်အိမ်က ထိခိုက်နှစ်ယောက်နဲ့ သေဆုံးတစ်ယောက်ပေါ့။ တစ်အိမ်က သေဆုံးပေါ့” ဟု ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက MPA သို့ပြောသည်။
ယင်းဗုံးကြဲတိုက်ခိုက်မှုတွင် အသက် ၄၅နှစ်အရွယ်အမျိုးသမီးတစ်ဦးနှင့် အသက် ၉နှစ်အရွယ်မိန်းကလေးတို့ ပြင်းထန်ဒဏ်ရာရရှိပြီး ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
” ထိခိုက်ဒဏ်ရာကလည်း တော်တော်ပြင်းထန်တယ်လို့ပြောတယ်။ စစ်ကော်မရှင်စိုးမိုးထားတဲ့ နယ်မြေထဲမှာပဲနေပြီး စိုးမိုးဒေသနယ်မြေထဲက ဆေးရုံမှာပဲ ဆေးကုသမှုခံနေရတဲ့အတွက် သူတို့က ကျနော်တို့ ဒီဘက် အင်အားစုတွေနဲ့ အချိတ်အဆက်မလုပ်ရဲဘဲ ရှိနေတာပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ၂လုံး မီးလောင်ပျက်စီးခဲ့ကြောင်းသိရသည်။
သစ်ရောင်းပြင်ရွာသည် လက်ပံတန်းမြို့ပေါ်နှင့် ၂မိုင်ခန့်သာ ဝေးသည်။
စက်တင်ဘာ ၄ရက်ကလည်း သရက်ချောင်းရွာကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့သေးသည်။
