မန္တလေးတိုင်း၊ မလှိုင်မြို့တွင် ရွေးကောက်ပွဲအကြောင်းပြချက်ဖြင့် ကားအစီး ၅၀ ခန့်ကို စစ်တပ်က ချောဆွဲထားကြောင်း သိရသည်။
ယနေ့ ( ဇန်နဝါရီ ၂၂ရက် ) နံနက်ပိုင်းက မလှိုင်မြို့တွင်းရှိ ခရီးသည်တင်ကား၊ လူမှုကူညီရေးအသင်း ကား၊ ဘုန်းကြီးကား နှင့် ပြည်သူပိုင် အိမ်စီးကားများကို ချောဆွဲထားပြီး မလှိုင်မြို့ ရွှေမုဋ္ဌောဘုရား ကြီးဝင်းအတွင်း၌ ထားရှိကြောင်း သိရသည်။
” ရွေးကောက်ပွဲအတွက် မဲရုံတွေမှာ သုံးဖို့ဆိုပြီး ချောဆွဲတာပါ။ မဲရုံတွေအတွက် မဲရုံတာဝန်ကျ ဝန်ထမ်းအသွားအလာအတွက်က တစ်စီး။ လိုက်ထရပ်တို့ ဖောကားတို့၊ ကန်ဒါနဲ့ ၁၂ဘီးကား တွဲကားတွေက စစ်ဘက်လုံခြုံရေးအတွက် သုံးမယ်လို့ သိရပါတယ်။ ကားသမားတွေတော့ ပြန်လွှတ်ထားတယ်။ အသုံးပြုချိန်မှ ခေါ်မယ်ထင်တယ်။မြို့အဝင်လမ်းပိတ်မထားပေမဲ့ ဒီနေ့ကစပြီး ခရီးသည်တင်ယာဥ်တွေ ထွက်ခွင့်လည်းမပြုဘူး။ ၂၆ရက်နေ့မှ ပြန်ထွက်ရမယ်သိရပါတယ် ” ဟု လူထုသတင်းကွန်ယက် – မလှိုင်မြို့မှ တာဝန်ရှိသူတစ်ဦးက MPA ကိုပြောသည်။
ဇန်နဝါရီ ၂၅ ရက်တွင် မလှိုင်မြို့နယ်၌ တရားမဝင်ရွေးကောက်ပွဲ အပိုင်း ၃ ပြုလုပ်မည် ဖြစ်သော် လည်း ရွေးကောက်ပွဲဝင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများမှာ မြို့နယ်အတွင်း၌ မရှိကြောင်း သိရသည်။
” ရွေးကောက်ပွဲလုပ်မယ်သာပြောနေတာ ဘယ်လွှတ်တော်ကိုယ်စားလှယ်မှ မြို့မှာမရှိဘူး။ မဲဆွယ်စည်းရုံးတာမျိုးတွေလည်း ဘာမှမရှိခဲ့ဘူး။ မဲရုံစာရင်းကလည်း အတိအကျ အသေအချာ မထွက်သေးဘူးဗျ ။ မြို့ပေါ်မဲရုံတောင် ဘယ်မှာလုပ်မယ် ရဲရဲမပြောရဲဘဲ ဖုံးထားဆဲပါ” ဟု ၎င်းက ဆက်လက်ပြောသည်။
မလှိုင်မြို့ပေါ်ရှိ ရွှေမုဌောဘုရားကြီးနှင့် ဘုန်းကြီးကျောင်း၊ ထွေအုပ်ရုံးတို့တွင် စစ်တပ်က အထိုင်ချတပ်စွဲထားပြီး တစ်မြို့လုံး၌ စစ်သား အင်အား ၅၀၀ ခန့်ရှိနေကာမြို့တွင်း ကင်းလှည့်လျှင် အင်အား ၃၀ မှ ၅၀ ခန့်ဖြင့် ကင်းပတ်နေကြောင်း သိရသည်။
ထို့ပြင် မလှိုင်မြို့အနီးရှိ ကျေးရွာ သုံးရွာတွင်လည်း ဇန်နဝါရီ ၁၉ရက်မှစ၍ ရွေးကောက်ပွဲလုံခြုံရေးဟု ဆိုကာ စစ်တပ်က အထိုင်ချတပ်စွဲထားသည်။
မလှိုင်မြို့နယ်၌ ရပ်ကွက်၄ခုနှင့် ကျေးရွာအုပ်စု ၅၂ စုရှိသည့်အနက် ကျေးရွာအုပ်စု ၃၄စုတွင် ရွေးကောက် ပွဲမလုပ်နိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။
