အောင်လံတွင် မင်္ဂလာဆောင်မဏ္ဍပ်ကို စစ်တပ်ဗုံးကြဲ၊ တစ်လသားအရွယ် ကလေးအပါအဝင် ၃ ဦးသေဆုံး

ဓာတ်ပုံ - ပေးပို့
ပုံစာ - တပ်ကုန်းကျေးရွာကို ဗုံးကြဲပြီးနောက် တွေ့ရစဉ်

မကွေးတိုင်း၊ အောင်လံမြို့နယ်၊ တပ်ကုန်းကျေးရွာရှိ မင်္ဂလာဆောင်မဏ္ဍပ်ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တစ်လသားအရွယ် ကလေးအပါအဝင် ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ယနေ့ ( ဇန်နဝါရီ ၂၂ရက် ) မွန်းလွဲ ၂နာရီခန့်က အောင်လံမြို့နယ်၊ တပ်ကုန်းကျေးရွာရှိ မင်္ဂလာ ဆောင်မဏ္ဍပ်ကို စစ်တပ်က လေကြောင်းမှ ပေါင် ၁၀၀ ဗုံး ၃လုံး ကြဲ ခဲ့ကြောင်း အောင်လံ လူထု အဖွဲ့ထံက သိရသည်။

” လေယာဉ်သံကြားရပြီး တန်းကြဲသွားတော့ လာကြဲတဲ့လေယာဥ်အမျိုးအစားကို မသိလိုက်ရပါဘူး။ ဗုံးသီး ၃လုံး ပေါင်၁၀၀လို့ခန့်မှန်းရပါတယ်။ တပ်ကုန်းကျေးရွာရဲ့ အလယ်က မင်္ဂလာဆောင်မဏ္ဍပ်ကို ကြဲတာပါ။ မင်္ဂလာဆောင်က မနက်ဖြန်မှပါ။ ဒီနေ့က အဝင်နေ့ပဲရှိသေးတယ်။ ဒဏ်ရာရရှိသူအရေ အတွက်လည်း များနိုင်ပါတယ်။ သေဆုံးမှုက မျက်မြင်၃ဦး ရှိပါတယ် ” ဟု အောင်လံလူထု အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA ကို ပြောသည်။

သေဆုံးသူများမှာ မင်္ဂလာဆောင်သို့ လာရောက်သည့် တစ်လသားအရွယ် ကလေးငယ်တစ်ဦး၊ အသက် ၆၀ အရွယ်အမျိုးသမီးတစ်ဦးနှင့် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

” ဒဏ်ရာရရှိသူအရေအတွက်လည်း များနိုင်ပေမဲ့ ခုက တရွာလုံး ပြေးနေရတော့ ဘာအဆက်အ သွယ်မှမရလို့ မသိရသေးဘူး။ အနားမှာ တိုက်ပွဲလည်းမရှိသလို စစ်ကြောင်းလည်းမရှိပါဘူး။ နေအိမ် ဆုံးရှုံးမှုက မျက်မြင်၂လုံးပြာကျသွားတယ်။ ပြီးတော့ ဗုံးထိလို့မီးလောင်နေတဲ့ အိမ်တွေဆက်ရှိပါ တယ်။ ကျေးရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေလို့ မီးသတ်မယ့်လူလည်း မရှိဘူး ” ဟု ၎င်းက ဆက်လက်ပြောသည်။

တပ်ကုန်းကျေးရွာဗုံးကြဲခံရမှုကြောင့် သေဆုံးသူများလည်း ထပ်တိုးလာနိုင်ကြောင်း သိရသည်။

တပ်ကုန်းကျေးရွာနှင့် ၂၉မိုင်ခန့်အကွာတွင် ကပစ ၁၅ တည်ရှိကြောင်းသိရသည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ တပ်ကုန်းကျေးရွာတွင် လူဦးရေ ၂ထောင်ခန့် နေထိုင်သည်။