မလှိုင်တွင် ရွေးကောက်ပွဲကာလ စစ်တပ်၏ ပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးမှုရှိနေပြီး ကျောင်းများလည်း ပိတ်ထား

ဓာတ်ပုံ-လူမှုကွန်ရက်
ပုံစာ - မလှိုင်မြို့အဝင် ဆိုင်းဘုတ်၊ မလှိုင်မြို့လယ်လမ်းမနှင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များအား တွေ့ရစဥ်

မန္တလေးတိုင်း၊ မိထ္တီလာခရိုင်၊ မလှိုင်မြို့နယ်တွင် အတုအယောင်ရွေးကောက်ပွဲ ကျင်းပမည့်ကာလအတွင်း စစ်ကော်မရှင်တပ်၏ ပစ်ခတ်မှုများကြောင့် အရပ်သားသေဆုံးမှုများလည်း ရှိနေပြီး၊ ရွေးကောက်ပွဲပြီးသည့်အထိ စာသင်ကျောင်းများလည်း ပိတ်ထားမည်ဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်တွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင် အင်အား ၅၀ ခန့်က မလှိုင်မြို့အနောက်ဘက် ရထားသံလမ်းကူးအတိုင်း မြောက်ဘက်သို့ သေနတ်များပစ်ဖောက်ရာ၊ ရထားသံလမ်းနှင့် နီးသည့် ကမ္ဘားဖြူကျေးရွာအနောက်ဘက်ခြမ်းမှ နေအိမ်နှစ်လုံးပျက်စီးခဲ့ပြီး နေအိမ်အတွင်းရှိ အမျိုးသမီးတစ်ဦး ဦးခေါင်းထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း လူထုသတင်းကွန်ရက် – မလှိုင်မြို့က ဖော်ပြထားသည်။

“အိမ်ထဲတင် နေနေတာကို ကျည်လာမှန်တာ။ ဆုံးသွားတဲ့ အမျိုးသမီးမှာက ကလေးနှစ်ယောက်ကျန်ခဲ့တယ်။ မြို့အနောက်ဘက်လမ်းပေါ်လည်း စစ်ကော်မရှင်တပ်တွေချည်းပဲ။ စစ်တပ် တပ်စွဲထားတဲ့ နေရာတွေလည်း PDF တွေဘက်က ဗုံးကြဲတာမျိုးတွေ လုပ်တယ်” ဟု မလှိုင်မြို့၊ ကမ္ဘားဖြူကျေးရွာမှ အမျိုးသမီးတစ်ဦးက MPA သို့ ပြောသည်။

လက်ရှိတွင် စစ်ကော်မရှင်တပ်က ကမ္ဘားဖြူ၊ ထန်းပင်ကောက်၊ မြစ်ကျင်း၊ ပန်းအိုင်ကျေးရွာတို့တွင် အင်အားဖြန့်ကာ တပ်စွဲနေထိုင်နေကြပြီး ကျေးရွာအတွင်းရှိ အရပ်သားပြည်သူများကို ကျေးရွာပြင်ပသို့ အထွက်မခံကြောင်း သိရသည်။

“ပန်းအိုင်ကတော့ ရွာကလည်း ကြီးတယ်။ တစ်ရွာလုံးကို ပိတ်ချလိုက်တာ၊ ရွာတံခါးမကြီးတွေလေ။ အကြိုအကြားအပေါက်လေးတွေကနေ ကျမတို့ ရအောင်ထွက်လာခဲ့တာ။ အခုမှ ထွက်လည်း မမီတော့ဘူး။ ဆိုင်ကယ် ကယ်ရီသမားတွေကလည်း အဲ့ဒီရွာတွေဘက်ကို မသွားရဲကြတော့ဘူး” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

ထို့ပြင် မလှိုင်မြို့ရှိ စာသင်ကျောင်းများအားလုံးကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက်မှ ဇန်နဝါရီ ၂၆ ရက်အထိ ပိတ်ထားမည်ဖြစ်ပြီး၊ ခရီးသွားကားများကိုလည်း ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

“စာသင်ကျောင်းတွေ ပိတ်ထားတာလည်း ကောင်းပါတယ်။ တစ်ခုခုဖြစ်လို့ရှိရင် ကလေးတွေက မြေစာပင်ဖြစ်ဦးမယ်။ အခုတောင်မှ ကောလဟာလတွေနဲ့ လူတွေက ကြောက်နေကြတာ” ဟု မလှိုင်မြို့၊ အမှတ် ၃ ရပ်ကွက်မှ အမျိုးသားတစ်ဦးက ဆိုသည်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်တွင် ပြုလုပ်မည့် စစ်ကော်မရှင်တပ်၏ အတုအယောင်ရွေးကောက်ပွဲ အပိုင်း ၃ ၌ မလှိုင်မြို့နယ်အပြင် မြို့နယ်ချင်းထိစပ်နေသည့် တောင်သာမြို့နယ်လည်း ပါဝင်နေပြီး တောင်သာမြို့ပေါ်တွင်လည်း စစ်ကော်မရှင်အင်အား ၂၀၀ ဝန်းကျင်ရောက်ရှိနေကြောင်း သိရသည်။

ရန်ကုန် – မြင်းခြံလမ်းမကြီးပေါ်ရှိ မလှိုင်၊ တောင်သာမြို့နယ်တို့တွင် စစ်ကော်မရှင်နှင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲများ မကြာခဏဖြစ်ပွားလျက်ရှိနေပြီး၊ စစ်ကော်မရှင်တပ်ဘက်က မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်တို့ကို ဗုံးကြဲတိုက်ခိုက်လျက်ရှိနေသည်။