မင်းသားဒေါင်း၏ Omukade ရုပ်ရှင် အောင်မြင်နေမှုအပေါ် စစ်တပ်လော်ဘီများ မကျေမနပ်ဖြစ်နေ

ဓာတ်ပုံ-ဒေါင်း Facebook

သရုပ်ဆောင်ဒေါင်း အဓိကပါဝင်သရုပ်ဆောင်ထားသည့် ထိုင်းအခြေစိုက် “Omukade” ရုပ်ရှင်ဇာတ်ကားကြီးသည် ထိုင်းနိုင်ငံတစ်ဝှမ်းရှိ ရုပ်ရှင်ရုံများတွင် အောင်မြင်စွာ ရုံတင်ပြသလျက်နေမှုအပေါ် စစ်ကော်မရှင် လော်ဘီများက အပြင်းအထန် မကျေမနပ် ဖြစ်ပေါ်နေသည်။

မင်းသားဒေါင်းသည် နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူနှင့်အတူ ခိုင်ခိုင်မာမာ ရပ်တည်ခဲ့သည့် အနုပညာရှင်တစ်ဦးဖြစ်သဖြင့် ၎င်း၏ အနုပညာအောင်မြင်မှုကို စစ်လော်ဘီများက ရှုစိမ့်ခြင်းမရှိဘဲ တယ်လီဂရမ်ချန်များ၌ တိုက်ခိုက်မှုများပြုလုပ်လျက်ရှိသည်။

စစ်လော်ဘီများသည် မင်းသားဒေါင်းအား အကြမ်းဖက်မှုနှင့် ဆက်စပ်နေသည့် တရားခံပြေးတစ်ဦးအဖြစ် ခေါင်းစဉ်တပ်ကာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးအနေဖြင့် ထိုင်းအစိုးရထံ တရားဝင်ကန့်ကွက်စာ တင်သွင်းသင့်ကြောင်း အွန်လိုင်းလူမှုကွန်ရက်များပေါ်တွင် ဝိုင်းဝန်းလှုံ့ဆော်လျက်ရှိသည်။

၎င်းတို့က မိမိနိုင်ငံမှ အလိုရှိနေသူတစ်ဦးအား အိမ်နီးချင်းနိုင်ငံက ရုပ်ရှင်ရိုက်ကူးခွင့်နှင့် ရုံတင်ပြသခွင့် ပြုလုပ်ပေးနေခြင်းမှာ မဖြစ်သင့်ကြောင်း ၎င်းတို့၏ ဝါဒဖြန့်အာဘော်အတိုင်း ရေးသားဖော်ပြထားသည်။

ထို့ပြင် လော်ဘီများက ထိုင်းအစိုးရက အလိုရှိနေသည့် ဝရမ်းပြေးများအား မြန်မာနိုင်ငံတွင် ယခုကဲ့သို့ ရုပ်ရှင်ရိုက်ကူးခွင့်ပြုပါက ထိုင်းအစိုးရအနေဖြင့် လက်ခံနိုင်မည်လောဟု မေးခွန်းထုတ်ကာ ထိုင်းအစိုးရ၏ ဆုံးဖြတ်ချက်ကိုပါ မကျေမနပ်ဖြစ်နေကြသည်။

“ဒီလုပ်ရပ်က စစ်ကော်မရှင်ရဲ့ အာဏာစက်နဲ့ ဩဇာကို ပြည်ပနိုင်ငံတွေအထိ သုံးစွဲလိုတဲ့ သဘောဖြစ်ပြီးတော့ အနုပညာ လွတ်လပ်ခွင့်ကို နှိပ်ကွပ်လိုတဲ့ ကြိုးပမ်းမှုတစ်ခုလည်းဖြစ်တယ်” ဟု နိုင်ငံရေးလေ့ာသူတစ်ဦးက သုံးသပ်သည်။

သို့ရာတွင် လက်တွေ့အခြေအနေ၌ “Omukade” ရုပ်ရှင်သည် ထိုင်းနှင့် နိုင်ငံတကာရုပ်ရှင်ထုတ်လုပ်ရေးများက အသိ အမှတ်ပြုထားသည့် ဇာတ်ကားတစ်ကားဖြစ်ပြီး မင်းသားဒေါင်း၏ အနုပညာအရည်အချင်းကြောင့်သာ အောင်မြင်နေခြင်းဖြစ်သည်။ စစ်ကော်မရှင်က မည်သို့ပင် ဝရမ်းထုတ်ထားစေကာမူ နိုင်ငံတကာနှင့် ထိုင်းအစိုးရတို့က မင်းသားဒေါင်းအား အနုပညာရှင်တစ်ဦးအနေဖြင့် လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပြုထားကြောင်း တွေ့ရှိရသည်။

ယင်းအခြေအနေနှင့်ပတ်သက်၍ ထိုင်းရောက် မြန်မာနိုင်ငံသားတစ်ဦးက “ဒေါင်းရဲ့ ရုပ်ရှင်ဇာတ်ကားကို ထိုင်းရုံတွေမှာ အားပေးခွင့်ရတာ ဂုဏ်ယူဖို့ကောင်းပါတယ်။ စစ်လော်ဘီတွေကတော့ နေရာတကာ လိုက်လံနှောင့်ယှက်ချင်နေတာ ထုံးစံပါပဲ၊ ဒါပေမဲ့ ထိုင်းနိုင်ငံက ဥပဒေစိုးမိုးတဲ့နိုင်ငံ ဖြစ်တာကြောင့် သူတို့ရဲ့ လှုံ့ဆော်မှုတွေက အောင်မြင်မှာမဟုတ်ပါဘူး” ဟု သုံးသပ်ပြောကြားသည်။

နိုင်ငံရေးလေ့လာသူများကမူ စစ်လော်ဘီများ ယခုကဲ့သို့ ဒေါသတကြီး တုံ့ပြန်နေခြင်းမှာ မင်းသားဒေါင်း၏ အနုပညာအောင်မြင်မှုမှတစ်ဆင့် မြန်မာနိုင်ငံ၏ ဖြစ်ရပ်မှန်များကို နိုင်ငံတကာက ပိုမိုသတိပြုမိသွားမည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုင်းရောက် မြန်မာလုပ်သားတစ်ဦးကလည်း မိမိတို့အနေဖြင့် ဒေါင်း၏ရုပ်ရှင်ကို သွားရောက်အားပေးခြင်းမှာ အနုပညာကို မြတ်နိုးရုံသာမက မှန်ကန်သည့်ဘက်က ရပ်တည်သူကို ဝန်းရံခြင်းလည်းဖြစ်ကြောင်း၊ စစ်လော်ဘီများ၏ ပိတ်ပင်ရန် ကြိုးပမ်းမှုမှာ ၎င်းတို့၏ အနိုင်ကျင့်လိုသည့် စရိုက်ကို ထင်ဟပ်နေခြင်းသာဖြစ်ကြောင်း ပြောကြားသည်။

ထိုင်းရောက် မြန်မာကျောင်းသားတစ်ဦးကမူ “မင်းသားဒေါင်းကို အကြမ်းဖက်သမားအဖြစ် ခေါင်းစဉ်တပ်တာက အဓိပ္ပာယ်မရှိတဲ့ ကိစ္စပါ။ တကယ့်အကြမ်းဖက်သမားက ဘယ်သူလဲဆိုတာ ကမ္ဘာက သိပြီးသားဖြစ်ပါတယ်။ လော်ဘီတွေက ပိတ်ပင်ဖို့ အော်လေလေ၊ လူတွေက ပိုပြီး စိတ်ဝင်တစားနဲ့ သွားကြည့်လေလေ ဖြစ်ပါလိမ့်မယ်” ဟု မှတ်ချက်ပြုသည်။

အနုပညာဖန်တီးမှုသည် နိုင်ငံရေးနှင့် သီးခြားစီဖြစ်သကဲ့သို့ မင်းသားဒေါင်းသည်လည်း ထိုင်းနိုင်ငံ၏ တည်ဆဲဥပဒေများကို ချိုးဖောက်ထားခြင်းမရှိဘဲ တရားဝင်လုပ်ကိုင်နေသူဖြစ်သဖြင့် ပိတ်ပင်ရန် အကြောင်းပြချက် ခိုင်လုံမှုမရှိပေ။