ပါတီဝင်ကြသူ များပြားနေကြောင်း စန္ဒာမင်း ကြွားလုံးထုတ်ပြီး ၂၄ နာရီမပြည့်မီမှာပင် သတ်မှတ်ပါတီဝင်ဦးရေ မပြည့်မီဆိုသည့် အကြောင်းပြချက်ဖြင့် အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ (NDF) ဖျက်သိမ်းခံရခြင်းအပေါ် နိုင်ငံရေးနှင့်စာပေအသိုင်းအဝိုင်းကြား လှောင်ပြောင်နေကြကြောင်း တွေ့ရသည်။
NDF ပါတီဒုဥက္ကဌ စန္ဒာမင်းက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်တွင် “NDFပါတီကို တခဲတနက် လာရောက် ပါတီဝင်ကြသူများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းလျှောက်လွှာ လာရောက်တင်ကြသူများ များပြားလွန်းပါသဖြင့် ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် ကိုကိုးကျွန်းမှလွဲ၍ ကိုယ်စား လှယ်များ အပြည့်ဖြစ်နေပါပြီ၊ ဝိုင်းဝန်းကြိုးပမ်း ပေးသူအားလုံးကို ကျေးဇူးတင်ပါတယ်” ဟု စက်တင်ဘာ ၈ ရက်၊ ည ၈ နာရီ ၅၂ မိနစ်၌ ဖော်ပြခဲ့ပြီးနောက် စက်တင်ဘာ ၉ ရက်ည ၉ နာရီကျော်၌ စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်၏ ပါတီဖျက်သိမ်းကြောင်း ကြေညာချက် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
အမေရိကန်အခြေစိုက် မြန်မာ့နိုင်ငံရေးသုံးသပ်သူ ဦးမျိုးရန်နောင်သိန်းက “အကြမ်းဖက်စစ်တပ်က စန္ဒာမင်းကို အတော်ကြီးကို ယုံကြည်ပုံ၊ အထာထားပုံရတယ်။အခု NDF ကို ဖျက်သိမ်းလိုက်ပြီ။ သောင်ပြင်လွှတ်တဲ့ ခွေးလုံးလုံးဖြစ်ပြီ”ဟု ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ရေးသားထားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ ထုတ်ပယ်ခံထားရသော စန္ဒာမင်းသည် NDFပါတီ၏ ဩဂုတ်၁၇ ရက်အစည်းအဝေးဆုံးဖြတ်ချက်အရ ဒုဥက္ကဌ၂ တာဝန် စတင်ယူခဲ့သူဖြစ်ရာနိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက စန္ဒာမင်းကို တစ်လခံဒုဥက္ကဌဟု ဆိုသည်။
“စန္ဒာမင်း သို့မဟုတ် မရွှီးလိုက်ရတဲ့ ရွှီး၊ အဲဒီခေါင်းစဉ်နဲ့ စာတစ်ပုဒ်လောက် ရေးပေးပါ….”ဟု စာရေး ဆရာဝေမှူးသွင်ကလည်း ၎င်းက ဖေ့စ်ဘွတ်ခ်ပေါ် ရေးသားထားသည်။
NDFပါတီသည် ဆရာမြို့မငြိမ်း၏ ‘လူချွန်လူကောင်း’သီချင်းကို ပါတီမဲဆွယ်ရာ၌ အသုံးပြုခွင့်ပေးရန် ဩဂုတ်၂၉ရက်တွင် မြို့မအပျော်တမ်းတူရိယာအသင်းထံ ခွင့်ပြုချက်တောင်းခဲ့ရာ အသင်းဥက္ကဌက ခွင့်ပြုခဲ့သော်လည်း အမွေဆက်ခံသူ မြို့မငြိမ်းမိသားစုက အသုံးပြုခွင့်မရှိကြောင်း ကန့်ကွက်ခဲ့သည်။
NDFပါတီကို ဖျက်သိမ်းကြောင်း ကြေညာချက် ထုတ်ပြန်အပြီးတွင် ပန်းချီဆရာတစ်ဦးက “လူချွန်လူ ကောင်းဆိုချင်တာ လူစုမရဘူးဖြစ်သွားတယ်”ဟု ဖော်ပြခဲ့သလို စာပေလောကသားတစ်ဦးကလည်း ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဟု ဆိုသည်။
ပါတီ၄ခုကို ဖျက်သိမ်းလိုက်ခြင်းမှာ စစ်ကော်မရှင် ရွေးကောက်ပွဲဝင်မည့် ဒီမိုကရေစီယောင်ယောင် ပါတီ များကို သတိပေးလိုက်ခြင်းလည်း ဖြစ်ကြောင်း မုံရွာအခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တစ်ဦးက ဆိုသည်။
“ဥပဒေကို ချိုးဖောက်ပြီး အာဏာသိမ်းခဲ့တဲ့ကောင်တွေက အခုကျမှ ဥပဒေနဲ့အညီဆောင်ရွက်တာပါဆိုပြီး အတည်ပေါက်လုပ်ချင်နေပုံပဲ။ဥပဒေဆိုတာ မင်းအောင်လှိုင်ပါးစပ်ပေါက်မှာပဲ ရှိတယ်။ဒီပါတီ တွေကို မဖျက်သိမ်းချင်ရင်လည်း မဖျက်သိမ်းလို့ရတယ်။ဘာလို့ ဖျက်သိမ်းသလဲဆိုတော့ မယုံကြည် လို့၊သိပ်အချိုးမပြေဘူးလို့ ယူဆလို့။ ကိုကိုကြီးတို့ သက်သက်ခိုင်တို့လည်း ဒီမှာ ကြည့်ထားလို့ သတိ ပေးလိုက်တာလို့လည်း ပြောနိုင်တယ်”ဟု ၎င်းက MPAသို့ပြောသည်။
သတ်မှတ်ပါတီဝင်ဦးရေမပြည့်သည့် NDFပါတီနှင့် ပါတီရုံးခန်းများ သတ်မှတ်အရေအတွက် မပြည့်သည့် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ အမျိုးသမီးပါတီ(မွန်)နှင့် ပြည်ထောင်စု လယ် သမားအလုပ်သမားအင်အားစုပါတီတို့ကို ဖျက်သိမ်းကြောင်း စက်တင်ဘာ၉ရက်တွင် စစ်ကော်မရှင် လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည်။
