နိုင်ငံခြားအာဏာရှင်များ၏ အကူအညီဖြင့် ပြုလုပ်ခဲ့သော စစ်ကော်မရှင်ရွေးကောက်ပွဲသည် အာဏာ သိမ်းယူမှု၏ နောက်ဆက်တွဲဖြစ်စဉ်သာဖြစ်ကြောင်း ဩစတြေးလျ၊ဂျပန်နှင့်တောင်ကိုရီးယားအခြေ စိုက် မြန်မာအဖွဲ့အစည်းများက ထုတ်ပြန်လိုက်သည်။
ယနေ့(ဇန်နဝါရီ၂၇ရက်)တွင် ဩစတြေးလျ၊ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသား သိန်းနှင့်ချီသော လူထုကို ကိုယ်စားပြုသည့် မြန်မာအဖွဲ့အစည်းများက အရေးပေါ်ပူးတွဲကြေညာချက် ထုတ်ပြန်ရာ၌ အထက်ပါအတိုင်း ဖော်ပြထားသလို စစ်အုပ်စုပြုလုပ်သည့် တရားမဝင်သော၊အ ကြမ်းဖက်မှုများနှင့် ပြည့်နှက်နေသော ရွေးကောက်ပွဲအား ပယ်ချကြောင်း လည်း ဆိုသည်။
“အဓိကက ဩစတြေးလျ၊ ဂျပန်နဲ့ ကိုရီးယားနိုင်ငံမှာရှိတဲ့ NUGကိုယ်စားလှယ်ရုံးတွေက ဦးဆောင်ပြီး တော့ ပြုလုပ်တာဖြစ်ပါတယ်။ဒီ NUGကိုယ်စားလှယ်ရုံးတွေကနေပြီးမှ ကိုရီးယားဆို ကိုရီးယား၊ ဂျပန် ဆိုဂျပန်၊ ဩစတြေးလျဆို ဩစတြေးလျပေါ့နော်။ရောက်ရှိနေတဲ့နိုင်ငံမှာရှိတဲ့ အဖွဲ့အစည်းတွေကို ကိုယ်စားပြုပြီးတော့ ပြောတာဖြစ်ပါတယ်”ဟု တောင်ကိုရီးယားအခြေစိုက် ရွေးကောက်ပွဲဆန့်ကျင် ရေးပူးပေါင်းလှုပ်ရှားမှု ကော်မတီဝင် ဦးကျော်ဆန်းက MPAသို့ပြောသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၁၂၀၀ကျော်နှင့် နိုင်ငံရေးအကျဉ်းသား ၂သောင်းကျော်ကို မတရားဖမ်းဆီး ထိန်းသိမ်းထားစဉ် စစ်အုပ်စု ဖန်တီးသည့် ရွေးကောက်ပွဲဆိုသည်မှာ ရွေးကောက်ပွဲမဟုတ်ဘဲ စစ်တပ် ကထိန်းချုပ်မောင်းနှင်သည့် စစ်ဆင်ရေးတစ်ခုသာဖြစ်ကြောင်းလည်း ထုတ်ပြန်သည်။
လွတ်လပ်သော သတင်းမီဒီယာများ မရှိခြင်း၊ ယုံကြည်စိတ်ချရသော နိုင်ငံတကာစောင့်ကြည့်လေ့ လာသူများ မရှိခြင်း၊ နိုင်ငံရေးလွတ်လပ်ခွင့်မရှိခြင်း၊ မဲဆန္ဒရှင်များအပေါ် ခြိမ်းခြောက် ဖိအားပေးခြင်း စသည့်အခြေအနေများသည် ရွေးကောက်ပွဲဖြစ်စဉ်တစ်ခုလုံးကို ပျက်ပြားစေကြောင်း ရွေးကောက်ပွဲ မတိုင်မီနှင့် ရွေးကောက်ပွဲကာလအတွင်းတွင်လည်း စစ်တပ်က အစုလိုက်အပြုုံလိုက် အကြမ်းဖက်မှု များ ကျူးလွန်ခဲ့ကြောင်းလည်း ဆိုသည်။
စစ်အုပ်စုသည် တရုတ်နှင့် ရုရှားတို့ထံမှ နိုင်ငံရေးအကာအကွယ်ပေးမှုနှင့် လက်နက်အထောက်အပံ့ တို့ကို မှီခိုနေရကာ ယင်းနိုင်ငံအစိုးရတို့၏ လွှမ်းမိုးမှုကို အလွန်အမင်းခံနေရကြောင်းလည်း ထုတ်ပြန် ထားသည်။
နိုင်ငံတကာအသိုင်းအဝိုင်းအနေနှင့် စစ်ကော်မရှင်ရွေးကောက်ပွဲရလဒ်ကို လူသိရှင်ကြားပယ်ချရန်၊ စစ်အုပ်စုကို မည်သည့်နိုင်ငံရေးအသိအမှတ်ပြုမှုမျှ မလုပ်ရန်၊ စစ်အုပ်စု၏ စစ်ဘက်စီးပွားရေးလုပ် ငန်းများကို ပစ်မှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုများ တိုးမြှင့်ရန်၊ အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင် ဒီမိုကရေစီ Stakeholder အဖြစ် အသိအမှတ်ပြုရန်၊ ICC ၊ ICJ နှင့် IIMM အပါအဝင် ကုလ သမဂ္ဂ၏ တာဝန်ခံမှု ယန္တရားများကို ထောက်ခံအားပေးရန်နှင့် IDP များနှင့် ဒုက္ခသည်များအတွက် လူ သားစာနာအကူအညီများ တိုးမြှင့်ပေးရန်လည်း ၃နိုင်ငံအဖွဲ့များက တောင်းဆိုလိုက်သည်။
ထို့အပြင် တောင်ကိုရီးယားအစိုးရအနေဖြင့် စစ်အုပ်စုအပေါ် ပြတ်သားသော ရပ်တည်ချက်ကို ဆက် လက်ထိန်းသိမ်းထားရန်၊ဒဏ်ခတ်ပိတ်ဆို့မှုများ တိုးချဲ့ရန်၊ NUGအစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပို မိုနက်ရှိုင်းစေရန်နှင့် လူသားစာနာအကူအညီများကို စစ်အုပ်စုမှတစ်ဆင့်မဟုတ်ဘဲ ထိခိုက်ခံစားနေရ သော လူထုထံ တိုက်ရိုက်ရောက်ရှိအောင် ဆောင်ရွက်ပေးရန်လည်း တောင်းဆိုထားသည်။
ယင်းပူးတွဲထုတ်ပြန်ချက်နှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ယနေ့(ဇန်နဝါရီ၂၇ရက်)နံနက် ပိုင်းတွင် ဆိုးလ်မြို့ရှိကိုရီးယားသမ္မတရုံးရှေ့၌ ပြုလုပ်ခဲ့ပြီး ထုတ်ပြန်စာအား ကိုရီးယားသမ္မတရုံးသို့ ပေးပို့ခဲ့သည်။
သတင်းစာရှင်းလင်းပွဲကို ကိုရီးယားရှိ မြန်မာတော်လှန်ရေးအဖွဲ့အစည်း ၄၀ ပါဝင်သည့် စစ်အုပ်စုရွေး ကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှု ကော်မတီ က တာဝန်ခံပြုလုပ်ခဲ့ပြီး ကိုရီးယားအရပ်ဘက် အဖွဲ့အစည်းများလည်း ပူးပေါင်းပါဝင်ကြသည်။
