မိန့်ခွန်းပြောနေသည့် ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကို ပြုပြင်ဖန်တီးထားသော သတင်းအတု

အာဏာသိမ်းစစ်အုပ်စု၏ မတရားဖမ်းဆီးခြင်းခံထားရသည့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောနေသော ဓာတ်ပုံကို ပြုပြင်ဖန်တီး၍ စစ်လော်ဘီများ သတင်းအတုများ ဖြန့်ဝေနေကြသည်။

“ချစ်သောတပ်မတော်” တယ်လီဂရမ်ချန်နယ်က ဇန်နဝါရီ ၂၆ ရက် ညနေ ၅ နာရီ ၄၁ မိနစ်တွင် ဘင်္ဂလီစ ကားပြော သင်တန်း ဟူ၍ ရေးသားထားသော နောက်ခံပိတ်ကားရှေ့တွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေသည့် ဓာတ်ပုံကို “ယဉ်ကျေးလိမ္မာသတင်တန်းဖွင့်ပွဲတွင် မိန့်ခွန်းပြောကြားနေစဉ်” ဆိုသည့် စာသားနှင့်တကွ ဖြန့်ဝေထားသည်။

သတင်းအတုဖြန့်ဝေထားသောလင့်ခ် >>> https://archive.ph/ifpMQ

အထက်တွင် ပျံ့နှံ့နေသော အကြောင်းအရာများနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ ပြုပြင်ဖန်တီးထားသော ဓာတ်ပုံဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

သတင်းစိစစ်ချက်

တယ်လီဂရမ်တွင် ပျံ့နှံ့နေသော ဓာတ်ပုံကို Google Lens ဖြင့် စစ်ဆေးကြည့်ရာ RFA တွင် ဖော်ပြထားသော ဓာတ်ပုံနှင့် ထပ်တူညီနေသည်။

RFA တွင် အဆိုပါ ဓာတ်ပုံကို ဒီဇင်ဘာ ၁၃ ရက် ၂၀၁၄ ခုနှစ် ရန်ကုန်တွင် ပြုလုပ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကော်မတီ အစည်းအဝေးတွင် အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေ စဉ်ဟု ဖော်ပြထားသည်။

အပြည့်အစုံကြည့်ရန် >>> https://bitly.cx/d8tR9

ထပ်မံ အတည်ပြုနိုင်ရန် Google တွင် “ဒေါ်အောင်ဆန်းစုကြည် အဖွဲ့ချုပ် ဗဟိုကော်မတီအစည်းအဝေး တက်ရောက်” ဆိုသည့် စာသားကို Advanced Search ဖြင့် ရှာဖွေကြည့်ရာ “DVB” တွင် ဖော်ပြထားသည်။

DVB တွင် ဒီဇင်ဘာ ၁၃ ရက် ၂၀၂၄ ခုနှစ်၊ ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီ တွင် ပြုလုပ်ခဲ့သည့် အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် ဗဟိုကော်မတီ အစည်းအဝေးတွင် အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက် ရောက်မိန့်ခွန်း ပြောကြားခဲ့ကြောင်း ရုပ်သံမှတ်တမ်း နှင့်တကွ ဖော်ပြထားသည်။

ကြည့်ရှုရန် >>> https://bitly.cx/Xf0ud

သုံးသပ်ချက်

သတင်းမီဒီယာများတွင် ဖော်ပြထားသည်မှာ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၁၃ ရက် ၊ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ တော်ဝင် နှင်းဆီ၌ ပြုလုပ်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီအစည်းအဝေးတွင် ဒေါ်အောင်ဆန်း စုကြည် မိန့်ခွန်းပြောကြားနေသည့် ဓာတ်ပုံဖြစ်ကြောင်း တွေ့ရှိရသည်။

စစ်တပ်လော်ဘီများသည် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေသော ဓာတ်ပုံကို အသုံးပြုပြီး နောက်ခံတွင် “ဘင်္ဂါလီအခြေခံစကားပြောသင်တန်း ၁/၂၀၁၇ ဖွင့်ပွဲ” ဟူသည် စာသားဖြင့် ပြုပြင်ဖန်တီးထားခြင်းဖြစ်သည်။

ထို့ကြောင့် စစ်တပ်လော်ဘီတယ်လီဂရမ်ချန်နယ်တွင် ပျံ့နှံ့နေသော “ဘင်္ဂလီဘာသာစကားသင်တန်းဖွင့်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြော” ဆိုသည့် ဓာတ်ပုံအကြောင်းအရာသည် ပြုပြင်ဖန်တီးထားသော ဓာတ်ပုံအမှား ဖြစ်သည်။

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။