နိုင်ငံတကာ အထောက်အပံ့များ လျှော့ချခံရခြင်းနှင့် ကျောင်းသားဦးရေ တစ်ရှိန်ထိုး မြင့်တက်လာခြင်းတို့ကြောင့် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများရှိ ကလေးငယ်များ၏ ပညာရေးအခြေအနေသည် “ပြိုလဲလုနီးပါး အခြေအနေ (Breaking Point)” သို့ ရောက်ရှိနေပြီဖြစ်ကြောင်း Save the Children အဖွဲ့က ယမန်နေ့ (ဇန်နဝါရီ ၂၇ ရက်) တွင် ထုတ်ပြန်သည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။
Save the Children Thailand ၏ ညွှန်ကြားရေးမှူး Guillaume Rachou က “နယ်စပ်စခန်းတွေက ပညာရေးအခြေအနေဟာ ပြိုလဲလုနီးပါး အခြေအနေကို ရောက်နေပါပြီ။ ပညာရေးဆိုတာ အသက်ကယ်ဆယ်နိုင်သလို ဘဝကိုလည်း ပြောင်းလဲပေးနိုင်တဲ့အရာ ဖြစ်ပါတယ်။ ဒါကြောင့် အရင်းအမြစ် အကန့်အသတ်နဲ့ လည်ပတ်နေရတဲ့ ဒီပညာရေးကဏ္ဍအတွက် အားလုံးဝိုင်းဝန်း အရင်းအမြစ်တွေ ပံ့ပိုးပေးဖို့ လိုပါတယ်” ဟု တိုက်တွန်းပြောကြားသည်။
အစီရင်ခံစာအရ ၂၀၂၅ ခုနှစ် အစောပိုင်းကတည်းက စတင်ခဲ့သော နိုင်ငံတကာ အထောက်အပံ့များ ဖြတ်တောက်ခံရမှုသည် လူဦးရေ ၉၀,၀၀၀ ခန့် နေထိုင်လျက်ရှိသော နယ်စပ်ဒုက္ခသည်စခန်း ၉ ခုအပေါ် ပြင်းထန်စွာ ရိုက်ခတ်လျက်ရှိသည်။
“စားနပ်ရိက္ခာ ပြတ်လပ်ခြင်း၊ ဆေးပေးခန်းတွေ ပိတ်သိမ်းရခြင်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လျော့နည်းလာတာတွေ ဖြစ်ပေါ်နေတယ်” ဟု ရွှေ့ပြောင်း မြန်မာဒုက္ခသည်တစ်ဦးက ဆိုသည်။
ထို့ပြင် မြန်မာနိုင်ငံအတွင်း ပဋိပက္ခများကြောင့် ထွက်ပြေးတိမ်းရှောင်လာရသည့် မိသားစုများ များပြားလာရာ စခန်းတွင်း ကျောင်းသားဦးရေမှာ ၂၀၂၀ ခုနှစ်တွင် ၁၈,၀၀၀ ခန့်သာ ရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ၂၄,၀၀၀ ခန့်အထိ (၃၃ ရာခိုင်နှုန်း) ခုန်တက်သွားခဲ့သည်။
လက်ရှိတွင် စခန်းနေလူဦးရေ၏ ၃၀ ရာခိုင်နှုန်း (သုံးပုံတစ်ပုံခန့်) သည် ကျောင်းနေအရွယ် ကလေးငယ်များ ဖြစ်ကြသည်။
ရွှေ့ပြောင်းပညာသင်ကြားရေးစင်တာ (Migrant Learning Centres) များရှိ စာသင်ခန်းများသည် ကျောင်းသားဦးရေနှင့် မမျှတအောင် ကျပ်တည်းကျဉ်းမြောင်းလျက်ရှိပြီး အချို့အတန်းများတွင် ကျောင်းသား ၆၀ ခန့်အထိ ပြွတ်သိပ်သင်ကြားနေရကြောင်းသိရသည်။
ဆရာ၊ ဆရာမများအနေဖြင့်လည်း ကျောင်းသုံးဖတ်စာအုပ်များ၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာ သင်ထောက်ကူပစ္စည်းများ အလွန်အမင်း ပြတ်လပ်နေကြောင်း အစီရင်ခံစာတွင် ဆိုထားသည်။
ပညာသင်ကြားရေးစင်တာအများစုသည် မြေနေရာငှားရမ်းဖွင့်လှစ်ထားရသဖြင့် လုံခြုံမှုမရှိခြင်း၊ ဆရာ၊ ဆရာမများသည် သင်ကြားခွင့်လိုင်စင် ကိုင်ဆောင်ခွင့်မရှိသဖြင့် ဥပဒေအကာအကွယ်မဲ့နေခြင်းနှင့် လုပ်ငန်းခွင် အသိအမှတ်ပြုမှု ရရှိရန် ခက်ခဲခြင်းတို့လည်း ကြုံတွေ့နေရသည်။
“နယ်စပ်စခန်းမှာ ဆရာ၊ ဆရာမအလုပ်တွေမှာ ဝင်လုပ်ဖို့ ခက်ခဲမှုတွေ၊ စိန်ခေါ်ချက်တွေက အများကြီးရှိနေတယ်။ အစစ်အဆေးအဖမ်းအဆီးကြားမှာ ဘယ်သူမှဘယ်သူကို အာမခံနိုင်တာမဟုတ်ဘူး။ နောက်ဆုံး စာသင်ဖို့ထက် တခြားအလုပ်အကိုင်က ပိုပြီးအခွင့်အလမ်းများနေတော့ အဲဒီလမ်းကိုပဲ ရွေးချယ်ကြတာများလာတယ်” ဟု နယ်စပ်အခြေစိုက် ကလေးများကို စာသင်ကြားပေးနေသည့် ဆရာတစ်ဦးက ဆိုသည်။
ထိုင်းနိုင်ငံ၏ “Education for All” မူဝါဒအရ ထိုင်းနိုင်ငံသားမဟုတ်သော ကလေးများလည်း အခမဲ့ ပညာသင်ကြားခွင့်ရှိသော်လည်း လက်တွေ့တွင်မူ တရားဝင်စာရွက်စာတမ်း အခက်အခဲ၊ ငွေကြေးနှင့် ဘာသာစကား အတားအဆီးများကြောင့် ကျောင်းအပ်နှံရန် ခက်ခဲနေဆဲဖြစ်သည်။
လက်ရှိအခြေအနေသည် ရွှေ့ပြောင်းနှင့် စာရွက်စာတမ်းမဲ့ ကလေးငယ်များကို ကျောင်းထွက်ရခြင်းနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရခြင်း အန္တရာယ်များဆီသို့ တွန်းပို့နေသည်။
Save the Children အနေဖြင့် အလှူရှင်များအား ပညာရေးလိုအပ်ချက်များ ဖြည့်ဆည်းပေးရန် ရန်ပုံငွေလမ်းကြောင်းမျိုးစုံမှ ကူညီပံ့ပိုးပေးကြရန်နှင့် ထိုင်းအာဏာပိုင်များအနေဖြင့် ရွှေ့ပြောင်း၊ စာရွက်စာတမ်းမဲ့နှင့် နိုင်ငံမဲ့ကလေးငယ်များအား ဖမ်းဆီးပြန်ပို့ခံရမည်ကို စိုးရိမ်စရာမလိုဘဲ ကျောင်းအပ်နှံနိုင်မည့် ထိရောက်သော နည်းလမ်းများ ဖန်တီးပေးရန် တောင်းဆိုထားသည်။
