မြိုင်တွင် ကျဆုံး PDFရဲဘော် ၂ ဦး၏ ကျောက်တိုင်နှင့် စစ်ရှောင်ဘုန်းကြီးကျောင်းကို စစ်တပ် မီးရှို့

ဓာတ်ပုံ - အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း - မြိုင်
ပုံစာ - စစ်တပ် မီးရှို့ဖျက်ဆီးသွားသည့် ‌ကျဆုံးရဲဘော် ၂ ဦး၏ ကျောက်တိုင်

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ကျဆုံး PDF ရဲဘော် ၂ ဦး၏ အထိမ်းအမှတ်ကျောက်တိုင်နှင့် စစ်ရှောင်ဘုန်းကြီးကျောင်းကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။

ဇန်နဝါရီ ၁၈ရက်၊ နံနက်ပိုင်း ၈နာရီခွဲခန့်တွင် မြိုင်မြို့နယ်၊ သစ်ပုလွေကုန်းရွာမှ တွင်းမပျူရွာသို့ လာသည့် စစ်ကြောင်းသည် ယင်းနှစ်ရွာကြားရှိ ကျဆုံးရဲဘော် ၂ဦး၏ ကျောက်တိုင်ကို မီးရှို့ဖျက် ဆီးခဲ့ကြောင်း အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း – မြိုင်ထံက သိရသည်။

” အဲ့ရဲဘော်တွေရဲ့ ကျောက်တိုင်တွေကိုလည်း သူတို့ ပင်ပင်ပန်းပန်းနဲ့ မီးရှို့သွားတာတွေ့ရတယ်ပေါ့။ မီးရှို့တာကလည်း ဟိုလို ထုရိုက်ဖျက်ဆီးတာမဟုတ်ဘူးဗျ။ ဒီကျောက်တိုင်ကြီးတွေကို အမှိုက်တွေရှာ ပြီးတော့ မီးရှို့တာဗျ။ အပေါ်က ကြယ်တွေကို ထုချေပစ်တဲ့သဘောလောက်ပဲရှိတယ်ဗျ။ ဟိုလို ကျောက်တိုင်တစ်ခုလုံးကို ပြိုလဲသွားအောင် ဖျက်ဆီးတာမဟုတ်ဘဲနဲ့ ကျောက်တိုက်ထိပ်ကကြယ် တွေကို ထုချေပစ်တယ်။ ဒီကျောက်တိုင်ကြီးကိုလည်း မီးတိုက်တယ်ဆိုတဲ့သဘောဗျ”အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း – မြိုင်မှ ဆရာထွေးက MPA သို့ပြောသည်။

ယင်းသို့ မီးရှို့ဖျက်ဆီးမှုကြောင့် ကျောက်တိုင်ကိုသုတ်ထားသည့် ဆေးသားများနှင့် ကျဆုံးရဲဘော်တို့ ၏ ဓာတ်ပုံများပျက်စီးခဲ့ကြောင်းသိရသည်။

ထို့ပြင် အနီးရှိ ယာယီစစ်ရှောင်ဘုန်းကြီးကျောင်းနှင့် စစ်ရှောင်တဲအချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ ကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီးနောက် တွင်းမသည် ပျူစောထီးရွာဖြစ်လာသဖြင့် ပြည်သူများရော ဘုန်ကြီးပါ ရွာမှထွက်ကာ ယင်းနေရာများ၌ နေထိုင်နေခြင်းဖြစ်သည်။

” ပျူစောထီးရွာ ဖြစ်သွားတဲ့နောက်မှာ ပြည်သူတွေက အဲ့မှာမနေရဲကြဘဲနဲ့ ဘေးတွေထွက်ရတယ် ပေါ့။ မြို့တွေသွားရတယ်ပေါ့။ ပျူစောထီးကတော့ သူက ဆယ်ဂဏန်းလောက်က လေးပဲဖြစ်လိမ့် မယ်ဗျ။ အဲ့ဆယ်ဂဏန်းလောက်လေးကြောင့် ကျန်တဲ့ ၉၀၀ကျော်လောက်က ထွက်ရတာပေါ့။ အဲ့မှာကျတော့ ဘုန်ကြီးကျောင်းတွေလည်း မနေရဲဘဲနဲ့ ထွက်လာရတယ်ပေါ့။ ဘုန်းကြီးတွေလည်း မနေရဲဘူးပေါ့။ အဲ့လိုထွက်လာပြီးကာမှ တောတွေထဲမှာ တောကျောင်းလေးတွေ ယာယီကျောင်း လေးတွေဆောက်ပြီး ထန်းလက်တဲလေးတွေ ထိုးနေတာပေါ့။ အဲ့လိုကျောင်းကို မီးရှို့တာ” ဟု ၎င်းကပြောသည်။

ယင်းစစ်ရှောင်များသည် ၂၀၂၂ခုနှစ်ကတည်းက တွင်းမပျူရွာမှ ထွက်လာကြခြင်း ဖြစ်ကြောင်း သိရသည်။

” ဒီစစ်ကြောင်းလာတယ်ဆို ကျနော်တို့က အတွေ့ခံလို့မရဘူးဗျ။ ဒီဘက်စစ်ကြောင်းတွေ ခုလာတဲ့ စစ်ကြောင်းတွေက လူသတ်တာတွေလည်း တော်တော်များတယ်။ စစ်ကြောင်း ဒီဘက်ဦးတည်တယ် ဆိုတာနဲ့ စစ်ကြောင်းဦးတည်တဲ့ဘက်ကရှိတဲ့ တောတိုက်စစ်ရှောင်တွေရော ကျေးရွာတွေက လူထု တွေရော အကုန်လုံးက ဝေးရာကို စစ်ကြောင်းနဲ့ ဆန့်ကျင်ဘက်ဒေသတွေကို ရှောင်ကြရတယ်ဗျ” ဟု ၎င်းကဆက်လက်ပြောသည်။

ယင်းစစ်ကြောင်းသည် ဇန်နဝါရီလဆန်းပိုင်းကတည်းက ပခုက္ကူတပ်မ ၁၀၁မှထွက်လာပြီး ပခုက္ကူမြိုနယ်နှင့် မြိုင်မြို့နယ်အတွင်း လှည့်ပတ် စစ်ကြောင်းထိုးလျက်ရှိသည်။