လပခ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရခြင်းမရှိကြောင်း စစ်လော်ဘီများ သတင်းအတုဖြန့် ငြင်းဆိုနေ

အာဏာသိမ်းစစ်တပ်၏ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ထဲ ရှော့တိုက်ဒုံးပစ်ခတ်ခံရခြင်းမရှိကြောင်း စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ငြင်းဆိုနေကြသည်။

“KO CHIT ( MDY )” တယ်လီဂရမ်ချန်နယ်က ၂၀၂၆ ဇန်နဝါရီ ၂၇ ရက် ညနေ ၄ နာရီ ၃၃ မိနစ်တွင် အလယ်ပိုင်းတိုင်းစစ် ဌာနချုပ် လပခ ထဲ ရှော့တိုက်ဒုံး ပစ်ခတ်ခံရခြင်း မရှိကြောင်း၊ မီဒီယာများက လိမ်ညာရေးသားဖြန့်ဝေနေခြင်းသာ ဖြစ် ကြောင်း၊ မနက်ပိုင်း အသံအကျယ်ကြီး ကြားရသည်မှာ စစ်တပ်က မင်းကွန်းဘက်ခြမ်းရှိ PDF များ စုဖွဲ့ရာနေရာကို လက် နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ကြားရခြင်းသာ ဖြစ်ကြောင်း ရေးသားဖြန့်ဝေထားသည်။

အဆိုပါ အကြောင်းအရာကို “D.I Thameedaw, Kyaw Swar” အပြင် အခြား စစ်လော်ဘီ တယ်လီဂရမ်ချန်နယ်များက လည်း ကူးယူဖြန့်နေသဖြင့် ပျံ့နှံ့မှုများနေသည်။

မူရင်း သတင်းအမှားလင့်ခ် – https://archive.ph/d735H
D.I Thameedaw – https://archive.ph/EN3vK
Kyaw Swar – https://archive.ph/qD0d1

အထက်တွင် ပျံ့နှံ့နေသော အကြောင်းအရာများနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ ဓာတ်ပုံအမှားဖြစ်ကြောင်း တွေ့ရှိရသည်။

သတင်းစိစစ်ချက်

Google တွင် “ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ရှော့တိုက်ဒုံးဖြင့် ပတ်ခတ်” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်ရာ “People’s Spring ၊ မောင်း ၊ Western News” အပါအဝင် အခြား မီဒီယာများက သတင်းရေးထားသည်။

သတင်းမီဒီယာများတွင် ဇန်နဝါရီ ၂၇ ရက် နံနက် ၄ နာရီခွဲတွင် တော်လှန်ရေးတပ်ဖွဲ့များက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲ သို့ ရှော့တိုက်ဒုံး ငါးလုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ သုံးလုံးမှာ လပခ တိုင်းစစ်ဌာနချုပ်အတွင်းသို့ တိုက်ရိုက်ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ တိုင်းမှူးအိမ် ထိမှန်ပျက်စီးခဲ့ကြောင်း၊ လပခ သို့ စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိနေ သည်ဟု သတင်းရသဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ တိုက်ခိုက်မှုဖြစ်စဉ်အပြီး စစ်အုပ်စုက မန္တလေးမြို့ပေါ်တွင် တနေကုန် အစစ်အဆေးကြမ်းနေပြီး နေရာစုံ ပိုက်စိတ်တိုက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

အပြည့်အစုံကြည့်ရန်

People’s Spring – https://bitly.cx/759A
မောင်း – https://bitly.cx/K2Mxq
Western News – https://bitly.cx/K0La9

အဆိုပါ ရှော့တိုက်ဒုံးပစ်ခတ်မှုနှင့် ပတ်သက်၍ တော်လှန်ရေးတပ်ဖွဲ့များဖြစ်သည့် Brave Warriors for Myanmar (BWM) နှင့် No More Dictatorship People Defence Force-NMD တို့က သတင်းထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်တွင် ဇန်နဝါရီ ၂၇ ရက် ၊ နံနက် ၄နာရီခွဲတွင် စစ်အုပ်စုခေါင်းဆောင် မင်းအာင်လှိုင်သည် မန္တလေးရှိ အတု အယောင်ရွေးကောက်ပွဲ ကျင်းပရာ မဲရုံများဆီ သွားရောက်ကြည့်ရှုပြီး အပြန်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) အတွင်း ခေတ္တတည်းခိုနေကြောင်း သတင်းရရှိ၍ ချက်ချင်း ပြင်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

အပြည့်အစုံ ကြည့်ရန် >>>
BWM – https://bitly.cx/VM1PB
NMD – https://bitly.cx/8OBJ

သုံးသပ်ချက်

သတင်းမီဒီယာများနှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ ဖော်ပြချက်အရ မန္တလေးနန်းတွင်းထဲရှိ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ) အတွင်းသို့ ရှော့တိုက်ဒုံး ငါးလုံးပစ်ခတ်ခဲ့ရာ သုံးလုံးမှာ တိုက်ရိုက်ထိမှန်ခဲ့ကြောင်း တွေ့ရသည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိနေသည်ဟု သတင်းရရှိသည့်အတွက် ပစ်ခတ်ခြင်းဖြစ်ကြောင်း တွေ့ရသည်။

စစ်တပ်လော်ဘီများက “ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ထဲ ရှော့တိုက်ဒုံး ပစ်ခတ်ခံရခြင်းမရှိ” ဟု ငြင်းဆို ဖြန့်ဝေနေသော အကြောင်းအရာသည် သတင်းအတုသာဖြစ်သည်။

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။