မုန်တောင်ရဲစခန်း ချေမှုန်းခံရပြီးနောက် မင်းဘူးမြို့အဝင်လမ်းများကို စစ်တပ် ပိတ်ဆို့

ဓာတ်ပုံ - မင်းဘူးခရိုင် ၊ အမှတ် ၆ တပ်ရင်း
ပုံစာ - မုန်တောင်ရဲစခန်းသိမ်းတိုက်ပွဲအပြီး မြင်ကွင်းနှင့် သိမ်းဆည်းရမိသည့် ပစ္စည်းများ

မကွေးတိုင်း ၊ မင်းဘူးမြို့နှင့် ၁၂မိုင်ခန့်အကွာရှိ မုန်တောင်ရဲစခန်းကို PDFတို့ တိုက်ခိုက်ချေမှုန်း ပြီးနောက် မြို့ပေါ်သို့ ပေါက်သည့်လမ်းများအား စစ်တပ်ပိတ်ဆို့လိုက်ကြောင်း သိရသည်။

ဇန်နဝါရီ ၁၆ ရက် နံနက်ပိုင်းတွင် မုန်တောင်ရွာမနှင့် မုန်တောင်(မြောက်)ရွာကြား၌ ရဲ၁၂ ဦးခန့်ရှိ မုန်တောင်ရဲစခန်းကို PDFတို့ တိုက်ခိုက်မီးရှို့ခဲ့ပြီးနောက် ယင်းနေ့မှာပင် မင်းဘူးမြို့မှ ကား ၁၀ စီးဖြင့် စစ်ကူများ ရောက်လာခဲ့ကြောင်း ထို့နောက်မင်းဘူးမြို့သို့ ပေါက်သည့် လမ်းများတွင် ပိတ်ဆို့ နေရာယူထားပြီး စစ်ကြောင်းထိုးခြင်းများလည်းရှိကြောင်း မင်းဘူးခရိုင် ၊ အမှတ် ၆ တပ်ရင်းက သတင်းထုတ်ပြန်သည်။

” အခုတော့မင်းဘူးကို ငဖဲဘက်က အဝင်လမ်းတွေအကုန် ခွေးတွေကထိုင်ထားပါတယ်။ မင်းဘူးမြို့ ကို ဝင်နိုင်မယ့်လမ်းတွေကို တောက်လျှောက်ကို ဂိတ်တွေပိတ်ထားတာရှိပါတယ်။ အထူးသဖြင့် ငဖဲ-မင်းဘူး-ပဒါန်းလမ်းပေါ့။ နောက်ပြီးတော့ ဆပွတ်ချောင်း တောက်လျှောက်ပေါ့နော်။ အဲဒီဘက်တစ် ကြောမှာ သူတို့ ကာထားတာတွေ၊ အထိုင်ချတာတွေ လုပ်နေပါတယ်”ဟု မင်းဘူးခရိုင် ၊ အမှတ် ၆ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။

မုန်တောင်ရဲစခန်းသိမ်းတိုက်ပွဲသည် ၁၅မိနစ်ခန့်သာကြာပြီး ရဲ ၂ဦး ဒဏ်ရာရရှိကာ ကျန်ရဲများက ထွက်ပြေးသွားကြရာ PDFတို့က စခန်းအတွင်းရှိ ရဲအသုံးအဆောင်ပစ္စည်းများနှင့် ပြည်သူထံမှ လုယက်ထားသည့် ပစ္စည်းများကို သိမ်းပြီးနောက် မီးရှို့ကာ ပြန်လည် ဆုတ်ခွာခဲ့သည်။

“မုန်တောင်မှာ တပ်စွဲထားတာလည်း ရှိတယ်။အင်အားကတော့ နေရာအနှံ့မှာ တော်တော်များပါ တယ်။ စစ်ကြောင်းထိုးတာကတော့ မင်းဘူးကနေလာပြီးတော့ ဆပွတ်ချောင်းတစ်လျှောက် ရွာ တွေကို စစ်ကြောင်းထိုးတာရှိပါတယ်”ဟု ၎င်းကဆက်လက်ပြောသည်။

မုန်တောင်ရဲစခန်းတွင် စစ်အုပ်စုဝင်များ ပြန်လည် နေရာယူခြင်း ရှိမရှိကိုမူ မင်းဘူးခရိုင် ၊ အမှတ် ၆ တပ်ရင်းက ဖြေကြားခြင်း မရှိပေ။

မုန်တောင်ရဲစခန်းသည် ပြည်သူများကို နည်းလမ်းမျိုးစုံဖြင့် ငွေညှစ်ခြင်း ၊ ဖမ်းဆီးခြင်းနှင့် လူငယ်များ ကို ပေါ်တာဆွဲခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရဲများဒဏ်ရာရမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။