တောင်တွင်းကြီးတွင် အိမ်စီးကားပေါ်မှ စစ်သားများ တိုက်ခိုက်ခံရပြီး ၃ ဦးသေ၊ ၃ ဦး ပြင်းထန် ဒဏ်ရာရဟုဆို

ဓာတ်ပုံ - ပုဏ္ဏဝတီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
ပုံစာ - တိုက်ပွဲဝင် ပုဏ္ဏဝတီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်များ

မကွေးတိုင်း ၊ တောင်တွင်းကြီးမြို့နယ်၊ ထောက်ကြံ့ကွင်းဂိတ်မှ အိမ်စီးကားဖြင့်ပြန်လာသည့် စစ်သားများတိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံးကာ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၃ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၂၉ ရက်၊ ညနေ ၅ နာရီခန့်တွင် ထောက်ကြံ့ကွင်းဂိတ်မှ ဗိုလ်ကြီး သက်ထွန်းအပါအဝင် စစ်သား ၆ ဦးတို့ မက်(ခ်)တူး အိမ်စီးကား အဖြူရောင်ဖြင့် ၎င်းတို့ တပ်စွဲရာ ပျဉ်းချောင်းကျေးရွာသို့ ပြန်မည်ဟု ကြိုတင်သတင်းရသဖြင့် လမ်းပိုင်းတစ်နေရာ၌ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပုဏ္ဏဝတီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့(ဇန်နဝါရီ ၃၁ ရက်) နံနက်ပိုင်းတွင် သတင်းထုတ် ပြန်သည်။

” ပြန်လည်ပစ်ခတ်တာ မရှိပါဘူး။ ကြာချိန်က ၁၅မိနစ် လောက်ပါပဲ။ ပျဥ်းချောင်းရွာနားတင် ကပ်ပစ်တာဗျ။ သေဆုံး၊ ထိခိုက်တွေကိုက ရွာရောက်မှ လာသယ်တာပါ။ တစ်ကောင်က ပွဲချင်းပြီး ၊ နှစ်ကောင်က ဆေးရုံရောက်မှပါ။ ပွဲချင်းပြီးသေတဲ့ အကောင်ကို ညတွင်းချင်းနိဗ္ဗာန်ယာဥ်နဲ့လာသယ် သွားတာပါ။ နာရေးကားကတော့ ဆတ်သွား ဘက်ကပါ”ဟု ပုဏ္ဏဝတီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။

ဗိုလ်ကြီး သက်ထွန်းအပါအဝင် ပြင်းထန်ဒဏ်ရာရသည့်စစ်သား ၃ ဦးကို မကွေးစစ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ထောက်ကြံ့ကွင်းဂိတ်တွင် စစ်သားအင်အား ၄၀ ခန့်ရှိပြီး ပျဉ်းချောင်း‌ကျေးရွာမှ စစ်သားများ ယင်းဂိတ်သို့ မကြာခဏသွားလေ့ရှိကြောင်း သိရသည်။

“ပွဲဖြစ်ပြီး ညပိုင်းမှာ အင်အားတွေတိုးထားပါတယ်။ ကပစ ၁၈ တပ်က။ ကား၂စီးရောက်လာတာ ၈၀လောက်တော့ပါတယ်။ အခုတော့ ရွာပတ်ချာလည်တောတွေထဲ စစ်ကြောင်းထိုးနေပါတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

ပျဉ်းချောင်းကျေးရွာသည် အိမ်ခြေ ၁၀၀၀ကျော်ရှိသည့် ရွာကြီးဖြစ်ပြီး စစ်သား ၄၀ ခန့် တပ်စွဲထား ကာ ပြည်သူများလည်း နေထိုင်လျက်ရှိသေးကြောင်း သိရသည်။

ပျဉ်းချောင်းကျေးရွာနှင့် ထောက်ကြံ့ကွင်းကျေးရွာသည် ၅ မိုင်ကျော်ဝေးသည်။

စစ်သားများ သေဆုံး၊ဒဏ်ရာရမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။