ပဲခူးတိုင်း၊ ဒိုက်ဦးထောင်တွင် နိုင်ငံရေးအကျဉ်းသူ ၃၀ခန့် ကာလရှည် တိုက်ပိတ်ခံထားရပြီး ထောင်ပိုင်နှင့် တွေ့ခွင့်တောင်းသော်လည်း မရကြောင်း သိရသည်။
ဒိုက်ဦးထောင်၌ ကာလရှည်တိုက်ပိတ်ခံထားရသော နိုင်ငံရေးအကျဉ်းသူများကို တိုက်ထဲမှ လွှတ်ပေး ရန် နိုင်ငံရေးအကျဉ်းသူများက ၂၀၂၅ ခု၊ ဇူလိုင်လ၂၃ရက်တွင် တောင်းဆိုခဲ့ရာ ယင်းတောင်းဆိုသည့် နိုင်ငံရေးအကျဉ်းသူများပါ ထပ်မံတိုက်ပိတ်ခံထားရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်း သားများကွန်ရက် (PPNM)ထံက သိရသည်။
” ဒိုက်ဦးထောင်ပိုင်နဲ့ ညွှန်မှူးက တွေ့ခွင့်ကို ခုထိမပေးဘဲ လျစ်လျူရှုနေဆဲဖြစ်ပါတယ်။ အကြောင်းမ ပြန်ရုံတင်မဟုတ်ဘဲ တောင်းဆိုတဲ့ နိုင်ငံရေးအကျဉ်းသူတွေကိုပါ ချက်ချင်း တိုက်ထဲကိုပို့ပါတယ်။ ပြီးတော့ တိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူတွေကို သူတို့ စိတ်ရှိသလို ခေါ်ထုတ်ပြီး ရိုက်နှက် နေတာတွေလည်း ရှိပါတယ်။ ထောင်ပိုင်နဲ့ တွေ့ဆုံဖို့က ထောင်တွေမှာ ဝန်ထမ်းတွေကတစ်ဆင့် နှစ်ရစ်၊ တစ်ရစ်တို့ အရစ်အဆင့်တွေကနေ ဝန်ထမ်းတွေကနေ သွားရတာပါ ” ဟု PPNM ဦးဆောင် ကော်မတီဝင် မရောင်နီလင်းက MPA ကိုပြောသည်။
ဒိုက်ဦးအကျဉ်းထောင်ရှိ အမျိုးသမီးဆောင်သို့ International Committee of the Red Cross ( ICRC )မှတာဝန်ရှိသူများ လာရောက်စဥ်ကလည်း တိုက်ပိတ်ထားသည့် နိုင်ငံရေးအကျဉ်းသူများနှင့် တွေ့ဆုံမှုမပြုနိုင်ရန် နေရာရွှေ့ပြောင်းထားခဲ့ကြောင်း သိရသည်။
” ICRC ဒိုက်ဦးထောင်ကို ရောက်ပေမဲ့ ဘယ်ရက်ကလာသွားလဲတော့ စုံစမ်းဆဲပါ။ ဒီနိုင်ငံရေးအ ကျဉ်းသူတွေနဲ့ တွေ့တဲ့အခါ တောင်းဆိုတာတွေရှိမှာစိုးလို့ တိုက်ထဲကနေထုတ်ပြီး အခြားအခန်း တွေမှာ ပြောင်းရွှေ့ထားတယ်။ ICRC ပြန်မှ တိုက်ထဲကို ပြန်ပို့တာပါ။ တိုက်ပိတ်ခံထားရသူတွေရဲ့ သတင်းတွေကိုဖုံးဖိထားပြီးတော့ ကျန်းမာရေးအခြေအနေလည်း မသိရပါဘူး ” ဟု ၎င်းက ဆက်လက်ပြောသည်။
တိုက်ပိတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသူများအနက် မမိုးမိုးစန်း၊ မနွေးနွေးမြင့်လွင်နှင့် မဂျူးဇင်သီ တို့မှာ ၃နှစ်ကြာသည့်တိုင်အောင် တိုက်ပိတ်ခံထားရခြင်းဖြစ်သည်။
တိုက်ပိတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသူများသည် ဆောင်းတွင်းကာလ၌ စောင်နှင့် အနွေးထည်လုံလောက်မှုမရှိဘဲ အိပ်စက်နေကြရကြောင်း သိရသည်။
နိုင်ငံရေးအကျဉ်းသူများအပေါ် ဖိနှိပ်မှုများကို အမျိုးသမီး ပင်မဆောင် တာဝန်ခံဦးစီး နှစ်ပွင့်အရာရှိ ဇင်မာကြည်အောင်က အဓိက တာဝန်ယူရမည်ဖြစ်ပြီး တိုက်ပိတ်ခံနေရသော နိုင်ငံရေးအကျဉ်းသူ များကို အကြောင်းမဲ့ ခေါ်ထုတ်ရိုက်နှက်နေမှုများအား ရပ်တန့်ရန်လည်း PPNMက တောင်းဆိုထား သည်။
အာဏာသိမ်းပြီးနောက်တွင် ဒိုက်ဦးအကျဉ်းထောင်သည် နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားများကို လူ့အခွင့်အရေးချိုးဖောက်မှုများ ဆိုးဝါးစွာ ကျူးလွန်လျက်ရှိသည့် ထောင်ဖြစ်သည်။
