ဥပဒေတင်းကျပ်လိုက်ပြီးနောက် ထိုင်းတွင် ဆေးခြောက်အရောင်းဆိုင်ပေါင်း ၇,၀၀၀ ကျော် ပိတ်သိမ်းလိုက်ရ

The Nation

ထိုင်းနိုင်ငံတွင် တင်းကျပ်သော စည်းမျဉ်းသစ်များနှင့် အစိုးရ၏ မူဝါဒအပြောင်းအလဲများကြောင့် နိုင်ငံတစ်ဝန်းရှိ ဆေးခြောက်အရောင်းဆိုင်ပေါင်း ၇,၀၀၀ ကျော် ပိတ်သိမ်းခဲ့ရသည်။

ယခုဖြစ်ရပ်သည် အသေးစား စီးပွားရေးလုပ်ငန်းများအတွက် ကြီးမားသော ထိုးနှက်ချက်ဖြစ်စေခဲ့ပြီး တစ်ချိန်က အလွန်စည်ကားခဲ့သော နိုင်ငံ၏ ဆေးခြောက်စျေးကွက်ကို ပုံစံအသစ်ဖြစ်သွားစေခဲ့သည်။

ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနှောင်းပိုင်းအထိ ထိုင်းနိုင်ငံတစ်ဝန်းတွင် လိုင်စင်ရ ဆေးခြောက်ဆိုင်ပေါင်း ၁၈,၄၃၃ ဆိုင် ရှိခဲ့သည်။

ပြီးခဲ့သည့်နှစ်အတွင်း လိုင်စင်သက်တမ်းကုန်ဆုံးသွားသော ဆိုင်ပေါင်း ၈,၆၃၆ ဆိုင်အနက် ၁,၃၃၉ ဆိုင်သာ သက်တမ်းတိုးခဲ့ပြီး ၇,၂၉၇ ဆိုင်မှာမူ အပြီးအပိုင် ပိတ်သိမ်းခဲ့သည်။

လက်ရှိတွင် လည်ပတ်နေသော ဆိုင်အရေအတွက်မှာ ၁၁,၁၃၆ ဆိုင်သို့ ကျဆင်းသွားပြီ ဖြစ်သည်။

ဆိုင်များ ပိတ်သိမ်းလိုက်ရခြင်းကြောင့် ငှားရမ်းခစာချုပ်များ၊ ပြုပြင်မွမ်းမံမှုများ၊ ကိရိယာများနှင့် ဝန်ထမ်းစရိတ်များ အပါအဝင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု ဘတ်ငွေသန်းပေါင်းများစွာ ဆုံးရှုံးသွားခဲ့ကြောင်း လုပ်ငန်းကဏ္ဍဆိုင်ရာ လေ့လာဆန်းစစ်သူများက ခန့်မှန်းကြသည်။

ဖွေထိုင်း (Pheu Thai) ပါတီဦးဆောင်သော အစိုးရလက်ထက်တွင် အပျော်အပါးအတွက် ဆေးခြောက်သုံးစွဲမှုကို ပိတ်ပင်လိုက်ပြီး ဆေးဝါးနှင့် သုတေသနလုပ်ငန်းများအတွက်သာ ကန့်သတ်ခွင့်ပြုထားသည်။

စည်းမျဉ်းသစ်များအရ အရောင်းဆိုင်များတွင် လိုင်စင်ရ တိုင်းရင်းဆေးပညာရှင်များကို ခန့်အပ်ထားရန် လိုအပ်လာသဖြင့် လုပ်ငန်းလည်ပတ်စရိတ်များ မြင့်တက်လာကာ စီးပွားရေးလုပ်ငန်းအများအပြားကို ပိတ်သိမ်းရန် ဖိအားပေးသကဲ့သို့ ဖြစ်စေခဲ့သည်။

ဆိုင်ပြုပြင်မွမ်းမံမှုနှင့် ပစ္စည်းလက်ကျန်များအတွက် ရင်းနှီးမြှုပ်နှံထားသည့် ဘတ်တစ်သန်းနီးပါး ဆုံးရှုံးသွားခဲ့ရကြောင်း ဘန်ကောက်ရှိ ဆိုင်ပိုင်ရှင်တစ်ဦးက ပြောကြားခဲ့သည်။

“စည်းကမ်းချက်အသစ်တွေကြောင့် အသေးစားလုပ်ကိုင်သူတွေအတွက် လိုင်စင်သက်တမ်းတိုးဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး” ဟု အဆိုပါဆိုင်ပိုင်ရှင်က ဆိုသည်။

ယခုအခါ ထိုင်းတွင် ဆေးခြောက်ရောင်းချမှုများအတွက် ဆရာဝန်လက်မှတ် (ဆေးညွှန်း) လိုအပ်မည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ရာ၊ ယင်းလုပ်ဆောင်ချက်ကြောင့် ဆေးခြောက်လုပ်ငန်းကဏ္ဍမှာ ပိုမိုလျော့ကျသွားနိုင်ပြီး တစ်နိုင်ငံလုံးရှိ လိုင်စင်ရဆိုင်အရေအတွက်မှာလည်း ဆက်လက်လျော့နည်းသွားဖွယ် ရှိသည်ဟု ခန့်မှန်းရသည်။

၂၀၂၂ ခုနှစ် ဇွန်လတွင် ထိုင်းနိုင်ငံသည် ဆေးခြောက်ကို အာရှ၌ ပထမဆုံးအကြိမ် တရားဝင်ခွင့်ပြုပေးခဲ့ပြီးနောက် အရောင်းဆိုင်အများအပြား ဖွင့်လှစ်လာခဲ့ခြင်း ဖြစ်သည်။