မြန်မာပြည်သူတို့၏ သွေးနှင့် မျက်ရည်တို့၏ တန်ဖိုးကို နိုင်ငံတကာအနေနှင့် အလေးထားပေးရန် NUGအစိုးရက တောင်းဆိုလိုက်သည်။
ကမ္ဘာကြီးအနေနှင့် စာနာမှု ထက်ပိုသည့် လက်တွေ့ ကျသော အရေးယူမှုများကို ယခုထက်ပိုမို လုပ်ဆောင်ပေးရန် အလေးအနက်ထား တိုက်တွန်းကြောင်းနှင့် နိုင်ငံတကာအနေနှင့် စစ်အုပ်စုကို လေယာဉ်ဆီဖြတ်တောက်မှု ပိုမိုလုပ်ဆောင်လိုက်ခြင်းသည် ပြည်သူများအပေါ် ကြဲချမည့် ဗုံးများ အား ရပ်တန့်လိုက်ခြင်းဖြစ်ကြောင်းလည်း ဆိုသည်။
“နွေဦးတော်လှန်ရေး ၅ နှစ်တာအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုဟာ ပိုပြီး စနစ်တကျနဲ့ ရက်စက် လာတာကို တွေ့ရပါတယ်။ သူတို့ရဲ့ ကျူးလွန်ပုံတွေက တစ်နှစ်ထက်တစ်နှစ် ပိုပြီး ပြင်းထန်လာတာ ပါ။ အခုဆိုရင် အရပ်သားတွေကို လူသားဒိုင်းအဖြစ် ပိုမိုအသုံးပြုပြီး စစ်ကြောင်းထိုးတာတွေဟာ နေရာတိုင်းမှာ ဖြစ်နေပါပြီ။ ရွာတွေကို မီးရှို့ရုံတင်မကဘဲ ပြည်သူတွေရဲ့ အသက်သွေးကြောဖြစ်တဲ့ ရေတွင်း ရေကန်၊ စာသင်ကျောင်းနဲ့ ဆေးရုံတွေကိုပါ စနစ်တကျ ဖျက်ဆီးပြီး လူနေထိုင်လို့ မရအောင် အထိ လုပ်လာကြပါတယ်”ဟု NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်သည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းရန် ကြိုးပမ်းမှု ၅ နှစ်တာအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်စဉ်ပေါင်း ၅၀၁ မှုအထိရှိခဲ့ပြီး ယင်းဖြစ်စဉ်များသည် တစ်နှစ်ထက်တစ်နှစ် ပိုတိုးလာနေကာ ၂၀၂၅ ခုနှစ်အတွင်း အဆိုးရွားဆုံးအဖြစ် ၁၅၉ မှုအထိ ကျူးလွန်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
NUGလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ကောက်ယူရရှိထားသည့် မှတ်တမ်းများအရ လေကြောင်း တိုက်ခိုက်မှုပေါင်း ၄,၇၅၀ အထိ ရှိခဲ့ပြီး၊ ဆေးရုံ၊ ကျောင်းနဲ့ ဘာသာရေး အဆောက် အအုံ ပေါင်း ( လူနေအိမ်များ မပါဝင်) ၁,၂၇၂ ခု ပျက်စီးခဲ့ရကာ ၂၀၂၅ခုနှစ်၊ဧပြီလ ပြည်သူများ ငလျင်ဒဏ် အလူးအလဲ ခံစားနေရချိန်မှာပင် လူသားစာနာအကူအညီအစား လေကြောင်းတိုက်ခိုက်မှု ၂၉၇ကြိမ် ကျူးလွန်ခဲ့ကြောင်း သိရသည်။
“အခုဆိုရင် လူတွေ အိပ်ပျော်နေတဲ့ ညဉ့်နက်ပိုင်းတွေမှာပါ ဗုံးကြဲပြီး ပြည်သူတွေကို စိတ်ပိုင်းဆိုင်ရာ ပါ ခြောက်လှန့်နေကြတာ ဖြစ်ပါတယ်”NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဆိုသည်။
အတုအယောင်ရွေးကောက်ပွဲပြုလုပ်သည့် ၂၀၂၅၊ ဒီဇင်ဘာ တစ်လတည်းမှာတင် စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုပေါင်း ၂၈၉ မှု ကျူးလွန်ခဲ့ကြောင်းလည်း ဆိုသည်။
“လူစုလူဝေးဖြစ်နေတယ်လို့ သတင်းကြားရင်ကို စစ်တပ်က ပစ်မှတ်တိကျတဲ့ ဂျက်ဖိုက်တာတွေ ချက် ချင်းလွှတ်လိုက်ပြီး ဗုံးကြဲတော့တယ်။တော်လှန်ရေးရဲဘော်တွေထက်စာရင် ပြည်သူကို ပိုပြီးရွေးသတ် နေတယ်လို့တောင် ပြောနိုင်တယ်”ဟု စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်အခြေစိုက် PDFရဲဘော်တစ်ဦးက MPA သို့ပြောသည်။
၂၀၂၅ခုနှစ်၊ဒီဇင်ဘာ၂၇ရက်တွင် ခင်ဦးမြို့နယ်အရှေ့ခြမ်း၊မြေနီလျှိုရွာအနီး၌ စစ်တပ်၏ လမ်းကြော ပိတ်ဆို့ မှုကြောင့် ခရီးသွားကားများ ရပ်နားထားစဉ် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ၉ဦး သေဆုံးပြီး ၁၀ဦးကျော် ဒဏ်ရာရကာ ဆီဘောက်ဆာ၊ ဆီသယ်ကားနှင့် ကုန်စည်ကား စုစုပေါင်း ၉စီး မီးလာင်ပျက်စီးခဲ့ကြောင်း ၎င်းက ဆိုသည်။
ဉာဏ်လင်းသစ်သုတေသနအဖွဲ့၏ ၂၀၂၅ခုနှစ် ထုတ်ပြန်ချက်များအရ စစ်တပ်က အရပ်သားများအ ပေါ် လေကြောင်းတိုက်ခိုက်မှုက တော်လှန်ရေးအင်အားစုများကို ပစ်မှတ်ထား တိုက်ခိုက်မှုနှင့် တိုက်ပွဲများအတွင်း လေကြောင်းအသုံးပြုတိုက်ခိုက်မှုနှစ်ခုပေါင်းထက် အကြိမ်ရေများကြောင်း သိရ သည်။
စာတည်း-ML
