စစ်အုပ်စုသည် မွန်လူငယ်များကို စစ်မှုထမ်းဥပဒေအရ စစ်တပ်ထဲသို့ အတင်းအဓမ္မ သွတ်သွင်းနေပြီး၊ စစ်သင်တန်းပေးကာ လူသတ်စစ်မြေပြင်သို့ ပို့ဆောင်နေခြင်းသည် လူဦးရေနည်းပါးသော တိုင်းရင်းသားလူမျိုးများအတွက် မျိုးသုဉ်းသတ်ဖြတ်မှု ဖြစ်ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) က ထုတ်ပြန်သည်။
ယနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ကျရောက်သည့် (၇၉) ကြိမ်မြောက် မွန်အမျိုးသားနေ့ အထိမ်းအမှတ် ထုတ်ပြန်ချက်၌ ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“မွန်တွေက ဗမာပြုမှုခံရတယ်၊ တဖြည်းဖြည်းနဲ့ ပျောက်ကွယ်လာတယ်၊ လူဦးရေတွေလည်း နည်းပါးလာတယ်၊ ဒီအချိန်မှာ မွန်လူငယ်တွေကို စစ်တပ်ထဲ ထည့်သွင်းပြီးတော့ ရှေ့တန်းမှာ သေကြေခိုင်းတာမျိုးက ကျွန်တော်တို့ လူမျိုးအပေါ်မှာ ပျောက်ဆုံးသွားအောင် တစ်နည်းတစ်ဖုံ ပြုလုပ်ဆောင်ရွက်နေခြင်း ဖြစ်တယ်” ဟု မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ နိုင်ကသုမန်က ပြောသည်။
လူ့အခွင့်အရေးအဖွဲ့များ ပြုစုထားသည့် အချက်အလက်များအရ မွန်ဒေသတွင် စစ်မှုထမ်းအပတ်စဉ် (၂၁) အထိ ဖွင့်လှစ်ထားခဲ့ပြီး၊ ပြည်သူ ၅,၀၀၀ ကျော် အတင်းအဓမ္မ ဖမ်းဆီးစစ်မှုထမ်းခိုင်းခြင်း ခံရကာ ယင်းအထဲတွင် မွန်တိုင်းရင်းသား ထက်ဝက်ကျော် ပါဝင်နေသည်။
လက်ရှိတွင် စစ်မှုထမ်းဥပဒေ အကြောင်းပြချက်ဖြင့် မွန်ဒေသအပါအဝင် နိုင်ငံတစ်ဝန်းက ပြည်သူအများအပြားကို ဖမ်းဆီးခြင်း၊ ငွေညှစ်ခြိမ်းခြောက်ခြင်းများကို စစ်အုပ်စုလက်အောက်ခံ အဖွဲ့များက အတင့်ရဲစွာ ပြုလုပ်နေသည့်အတွက် လူငယ်အများအပြား ပြည်ပနိုင်ငံအချို့သို့ တရားမဝင် ထွက်ပြေးတိမ်းရှောင်နေကြရသည်။
“ဒီစစ်မှုထမ်းဥပဒေကို အကြောင်းပြုပြီး သူတို့ (စစ်ကော်မရှင်အဖွဲ့) တွေက လုပ်ချင်သလို လုပ်နေကြတယ်၊ လူငယ်တွေ ပြည်တွင်းမှာ မနေရဲကြတော့ဘူး၊ သူတို့ ဘယ်သွားသွား စိတ်မချရတော့ဘူး၊ ငွေတောင်းမယ်၊ မရရင် သူတို့ဖမ်းပြီး မိသားစုနဲ့ အဆက်အသွယ်မရအောင် လုပ်တော့ဘူး၊ စစ်မှုထမ်းပို့မယ်၊ အခုဆို ဒီမြို့ပေါ်မှာပဲ ဖမ်းခံထိပြီး အဆက်အသွယ်မရတဲ့သူတွေ အများကြီးပါ။ ပြည်သူတွေကို သက်သက်အနိုင်ကျင့်ပြီး ကြောက်အောင် လုပ်နေကြတာ၊ မွန်လူမျိုး တစ်ခုတည်းမဟုတ်ဘူး၊ အားလုံး ခံနေရတာပါ” ဟု ရေးမြို့ပေါ်ရပ်ကွက်တွင် နေထိုင်သည့် မွန်လူငယ်တစ်ဦး၏ မိခင်က ပြောသည်။
မွန်လူမျိုးများသည် ရှည်လျားသော သမိုင်းတစ်လျှောက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဖြင့် နှစ်ပေါင်းများစွာ တောင်ပိုင်းဒေသတွင် အုပ်ချုပ်ခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့သော်လည်း မွန်လူမျိုးများနှင့် အခြားတိုင်းရင်းသားများမှာ ထိုလွတ်လပ်ရေး၏ အရသာကို မခံစားခဲ့ရသေးကြောင်း MSFC က ဆိုသည်။
လွတ်လပ်ရေးရရှိပြီးနောက် ဗဟိုအစိုးရအဆက်ဆက်နှင့် စစ်အာဏာရှင်များက မွန်လူမျိုးတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခွင့်အရေးများကို နည်းအမျိုးမျိုးဖြင့် ပိတ်ပင်ခဲ့ရုံသာမက မဟာလူမျိုးကြီးဝါဒကို ကျင့်သုံးခဲ့သဖြင့် မွန်လူမျိုးတို့၏ မျိုးရိုးစဉ်ဆက် စာပေနှင့် ယဉ်ကျေးမှုများ တဖြည်းဖြည်း ပျောက်ကွယ်လုနီးပါး ဖြစ်ခဲ့ရသည်။
လက်ရှိ စစ်အုပ်စုသည် ဒီမိုကရေစီနှင့် တိုင်းရင်းသား အင်အားစုများကို ဖယ်ရှားကာ စစ်တပ်က အတုအယောင်ရွေးကောက်ပွဲကို ကျင်းပပြီး၊ ၎င်းတို့ ကျောထောက်နောက်ခံပေးထားသည့် ပါတီများကို အနိုင်ရစေကာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံကို ဆက်လက်အုပ်ချုပ်ရန် ကြိုးစားနေသလို၊ တော်လှန်ရေးအင်အားစုများနှင့် ပဋိပက္ခဒေသ ပြည်သူများကိုလည်း ဆက်လက်တိုက်ခိုက်နေသည်။
“အခုက အားလုံးသိတဲ့အတိုင်းပဲပေါ့နော်၊ စစ်အုပ်စုနဲ့ ဗဟိုအစိုးရအဆက်ဆက်က မွန်ဒေသတွေမှာ သူတို့ လာရောက်သိမ်းပိုက်ထားတယ်၊ ရယူထားတယ်၊ သူတို့အုပ်ချုပ်ရေးချထားတယ်၊ ကျွန်တော်တို့ရဲ့ စာပေယဉ်ကျေးမှုပဲဖြစ်ဖြစ်၊ အမျိုးသားလက္ခဏာပဲဖြစ်ဖြစ်၊ ဘာသာစကားပဲဖြစ်ဖြစ် ပျောက်ပျက်သွားအောင် လုပ်ဆောင်နေတယ်၊ အမွေအနှစ်တွေကအစပေါ့၊ ဒါတွေကို ကာကွယ်ဖို့အတွက် တော်လှန်ရေးက အဓိက ကျပါတယ်၊ ဒါကြောင့် မွန်တော်လှန်ရေးကို အားပေးကြဖို့ မွန်အမျိုးသားနေ့မှာ တိုက်တွန်းလိုပါတယ်” ဟု နိုင်ကသုမန်က ဆက်ပြောသည်။
ခေတ်အဆက်ဆက် ဗမာစစ်တပ်သည် လက်နက်အင်အားဖြင့် ပြည်သူများကို အနိုင်ယူခဲ့ပြီး၊ စစ်အာဏာရှင်စနစ်အောက်တွင် မွန်အမျိုးသားတို့၏ ကိုယ်ပိုင်အခွင့်အရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို စစ်အစိုးရထံ လက်ဖြန့်တောင်းခံ၍ ရနိုင်မည်မဟုတ်ကြောင်း MSFC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် ဗမာပြည်သူများအပါအဝင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးသည် စစ်အာဏာရှင်စနစ်မှ လွတ်မြောက်ရေးအတွက် နည်းမျိုးစုံဖြင့် တိုက်ပွဲဝင်နေကြပြီး၊ ပြည်နယ်/ဖက်ဒရယ်ယူနစ်များ အားကောင်းရေးမှတစ်ဆင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဆောင်ရွက်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထို့ကြောင့် ပြည်တွင်းပြည်ပ မွန်အမျိုးသား ချစ်ပုဂ္ဂိုလ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ မွန်အမျိုးသမီးများနှင့် မွန်လူငယ်များအနေဖြင့် တော်လှန်ရေးတွင် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ ကူညီထောက်ပံ့ကြရန် တိုက်တွန်းထားသည်။
“ဒီတော်လှန်ရေး (၅) နှစ်ကျော်မှာ မွန်ပြည်သူတွေက တာဝန်ကျေကြပါတယ်၊ တော်လှန်ရေးအဖွဲ့တွေလည်း ကိုယ်မျှော်လင့်ထားသလို ဖြစ်လာလားဆိုတာ ပြန်လည်ဆန်းစစ်ကြဖို့ လိုနေပါပြီ၊ ပြည်သူတွေက တဖြည်းဖြည်းနဲ့ ကြပ်တည်းလာပြီး ပြည်သူတွေကို ဘယ်လောက်အထိ အကာအကွယ်ပေးနိုင်နေပြီလဲ၊ လူထုဘက်ကို စဉ်းစားပေးစေချင်ပါတယ်” ဟု ပညာရေး CDM ပြုလုပ်ထားသည့် မွန်လူငယ်တစ်ဦးက ပြောသည်။
မွန်မင်းညီနောင်နှစ်ပါးဖြစ်သည့် သမလနှင့် ဝိမလတို့ ဟံသာဝတီမင်းနေပြည်တော်ကို စတင်တည်ထောင်ခဲ့သည့် သာသနာသက္ကရာဇ် ၁၁၁၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက်နေ့ကို အစွဲပြုပြီး မွန်အမျိုးသားနေ့ကို ကျင်းပခဲ့ခြင်း ဖြစ်သည်။
ယနေ့ ကျရောက်သည့် (၇၉) ကြိမ်မြောက် မွန်အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် မွန်တော်လှန်ရေးအဖွဲ့အသီးသီးက ကြေညာချက် ထုတ်ပြန်ခဲ့ကြပြီး၊ ယင်းအားလုံးထဲက တူညီသော အချက်မှာ စစ်အာဏာရှင်ကို ဆက်လက်တိုက်ခိုက်သွားမည်ဟု ကတိပြုထားခြင်း ဖြစ်သည်။
စာတည်း-ကိုဆန်း
