မြန်မာ့ဒီမိုကရေစီရေးတိုက်ပွဲကို အဆုံးထိ လက်တွဲဆောင်ရွက်သွားမည်ဟု တောင်ကိုရီးယားနိုင်ငံ၊ ဂွမ်မြောင်း မြို့တော်ဝန် ပါ့ဆွန်ဝန်းက ပြောကြားလိုက်သည်။
ဖေဖော်ဝါရီ ၂ ရက်တွင် ဂွမ်မြောင်းမြို့တော်ခန်းမ၌ Sungkonghoe တက္ကသိုလ် အာရှ NGO သ တင်းအချက်အလက်စင်တာ၊ Sungkonghoe တက္ကသိုလ် နယ်စည်းမခြားဒီမိုကရေစီကျောင်း၊ ဆိုးလ်အမျိုးသားတက္ကသိုလ် အာရှလေ့လာရေးဌာနတို့နှင့် ဂွမ်မြောင်းမြို့တော်ဝန်တို့ ပူးပေါင်း ကျင်း ပသည့် “ မြန်မာ့နွေဦးတော်လှန်ရေး ၅ နှစ်” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ၌ ဂွမ်မြောင်း မြို့တော်ဝန် ပါ့ဆွန်ဝန်းက နှုတ်ခွန်းဆက်စကားပြောကြားစဉ် အထက်ပါအတိုင်း ထည့်သွင်းပြောကြားသည်။
“ယခုဆွေးနွေးပွဲဟာ အတိတ်က ကိုရီးယားဒီမိုကရေစီသမိုင်းမှာ မပြီးဆုံးသေးတဲ့ ခံစားမှု နဲ့ တိုက်ပွဲတွေကို ပြန်လည်အောက်မေ့ပြီး၊ နယ်စပ်ကိုကျော်လွန်ပြီးတော့ ကျနော်တို့ ဘယ်လိုမျိုး တာဝန်တွေ ထမ်းဆောင်ရမလဲဆိုတာကို မေးခွန်းထုတ်တဲ့ နေရာဖြစ်တယ်”ဟု မြို့တော်ဝန်က ပြော သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်၊ စစ်အာဏာသိမ်းမှုသည် မြန်မာပြည်သူတို့ ခက်ခဲစွာ တည်ဆောက် ထားသည် ဒီမိုကရေစီကို ဖြိုဖျက်ခဲ့သော်လည်း မြန်မာပြည်သူတို့သည် အကြမ်းဖက်မှုနှင့် ဖိနှိပ်မှုများ ကြား လွတ်လပ်မှုနှင့် လူ့ဂုဏ်သိက္ခာကို စွန့်လွှတ်ခြင်းမရှိကြကြောင်း နွေဦးတော်လှန်ရေးအမည် နှင့် ဒီမိုကရေစီကို ကာကွယ်ရန် ယခုတိုင် တိုက်ပွဲ ဆက်လက်ဆင်နွှဲနေကြဆဲဖြစ်ပြီး အမြဲ ထောက်ခံအား ပေးနေကြောင်းလည်း မြို့တော်ဝန်က ဆက်လက်ပြောသည်။
ယင်းဆွေးနွေးပွဲသို့ ဒီမိုကရက်တစ်ပါတီ လွှတ်တော် အမတ် အီယုံဆောန်း နှင့် လွှတ်တော်အမတ် ယောမ်းထယ်ယောင်း တို့က သ၀ဏ်လွှာ ပေးပို့ခဲ့ကြပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တောင် ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်း၊ NUG ကိုယ်စားလှယ်ရုံး ရုံးအဖွဲ့မှူး ဦးစိုးမိုးသူ၊ ဆိုးလ်တက္ကသိုလ် အာရှသုတေသန ညွှန်ကြားရေးမှူး ချယ်ဆူဟုန်း၊ ကိုရီးယားဒီမိုကရေ စီလှုပ်ရှားမှု အောက်မေ့ဖွယ်ဖောင်ဒေးရှင်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ တာဝန်ခံ ဂင်မ်ချန်း ဟိုနှင့် ဆောင်ဂုံးဟွဲတက္ကသိုလ် နယ်စည်းမခြား ဒီမိုကရေစီကျောင်း ကိုယ်စားလှယ် ချွဲဂီယောင်း တို့ ကလည်း အမှာစကားပြောကြားခဲ့သည်။
ယင်းဆွေးနွေးပွဲတွင် Sungkonghoe တက္ကသိုလ် ပါမောက္ခ ပါ့ခ်ဂွန်ဟုန်း က “ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှု ၅ နှစ်၊ နွေဦးတော်လှန်ရေးအင်အားစုများ၏ ကိုယ်တိုင်ပြန်လည်ဆန်းစစ်မှုသည် အကောင်းဆုံးသော ထိုးစစ်ဖြစ်သည်”ဟူသော ခေါင်းစဉ်ဖြင့် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှု၏ လက်ရှိ အခြေအနေ၊ နောင်လုပ်ဆောင်ရမည့် တာဝန်များနှင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ ပူးပေါင်းဆောင် ရွက်ရေး ဦးတည်ချက်များကို ဆွေးနွေးခဲ့သလို ဂျောန်းဘု့တက္ကသိုလ် အရှေ့တောင်အာရှ သုတေသ နဌာန၊ အမြဲတမ်းသုတေသန အကြီးတန်းအရာရှိ ကင်ဟွီဆု့ဂ် ၊ ၊ ယခင် NUG ကိုယ်စားလှယ်ရုံး အလုပ်သမားသံအရာရှိ ဦးမျိုးဟိန်း၊ မြန်မာ့ဖက်ဒရယ် ဒီမိုကရေစီ အောင်နိုင်ရေးအဖွဲ့ ပေါင်းချုပ် MFDMC အတွင်းရေးမှူး ဦးကျော်ဆန်း၊ မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံအားပေးသည့် ကိုရီးယားအရပ်ဘက်အဖွဲ့အစည်းအများ(၁၀၆ဖွဲ့) ကွန်ရက် ပူးတွဲအမှုဆောင်ကော်မတီဝင် နာ ဟျောန်းဖီးလ် ၊ ယောန်းဆေးတက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးဌာန ပါမောက္ခ ဂင်ဟယောင်ဂျုံး၊ စသည့်ပုဂ္ဂိုလ်များကလည်း မြန်မာ့ဒီမိုကရေစီအရေး အားသာချက်၊ အားနည်းချက်များနှင့် အကြံပြု ချက်များကို တင်ပြဆွေးနွေးခဲ့ကြသည်။
စာတည်း-ML
