ဖားကန့် အိမ်တစ်လုံးပေါ်သို့ လက်နက်ကြီးကျည် ကျ၊ ၂နှစ်သားအပါအဝင် မိသားစုဝင်၃ဦး ဒဏ်ရာရ

ဓာတ်ပုံ - ကိုTarlin Mg
ပုံစာ - လက်နက်ကြီးကျရောက်မှုကြောင့် ပျက်စီးသွားသည့် နေအိမ်။

တိုက်ပွဲပြင်းထန်နေသည့် ဖားကန့်မြို့နယ်အတွင်းရှိ အိမ်တစ်လုံးပေါ်သို့ လက်နက်ကြီးကျည် ကျ ရောက်ခဲ့ရာ ၂နှစ်သား ကလေးအပါအဝင် မိသားစုဝင်၃ဦးဒဏ်ရာရရှိခဲ့‌ကြောင်း သိရသည်။

ယနေ့ (ဖေဖော်ဝါရီ ၃ရက်) နံနက် ၅နာရီခန့်တွင် ဖားကန့်မြို့နယ်၊ အမှိုက်ပုံရွာ၊ မြိုကုန်းရှိ အိမ်တစ်လုံးပေါ်သို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၂နှစ်အရွယ်ယောက်ကျာ်း လေးတစ်ဦး၊ ၎င်း၏ မိခင်နှင့် ဖခင်တို့ ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

” ဒီနေ့ မနက်တိုက်ပွဲဖြစ်သွားတဲ့ဟာက ဘယ်ကကျည်ရယ်လို့တော့ ပြောရခက်တာပေါ့နော်။ အမှိုက်ပုံမှာ အပြန်အလှန်ပစ်ကြတာ။ ပစ်ကြတဲ့ဥစ္စာမှာ ဒီဟာကတော့ ပြောမယ်ဆိုရင်တော့ ဗျူဟာကုန်းကလည်း တောက်လျှောက် အမှိုက်ပုံကို လမ်းထုတယ်ပေါ့နော်။ အမှိုက်ပုံကို လှမ်း ထုတယ်။ အဲ့လိုမျိုးဖြစ်ကြတဲ့အခါဆိုတော့ ဒီကျည်ကတော့ ကျနော်တို့ကတော့ ရိုးရိုးခန့်မှန်းမယ် ဆိုရင်တော့ ဒါ စစ်ကောင်စီက ပစ်တဲ့ကျည်လို့ သုံးသပ်တာပေါ့။ ပြောရတော့ ခက်တာပေါ့နော်။ တိုက်ပွဲကြားထဲမှာ ဖြစ်တာဆိုတော့ ပြောရတော့ ခက်တာပေါ့” ဟု ဖားကန့်မြို့ခံ ကို Tarlin Mg က MPA သို့ပြောသည်။

လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်၏ နောက်စေ့နှင့် ပေါင် ထိခိုက် ဒဏ်ရာရှိကာ ဖခင်ဖြစ်သူက ခြေထောက်နှင့် မိခင်ဖြစ်သူက ဘယ်ဘက်နှင့် ညာဘက်ရင်အုံအ ထက်တို့တွင် ဒဏ်ရာရရှိခဲ့သော်လည်း အသက်အန္တရာယ်မစိုးရိမ်ရကြောင်း သိရသည်။

ဇန်နဝါရီ ၃၀ရက်မှစပြီး တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာဘက်သို့ စစ်တပ်က စစ်ကြောင်းထိုးနေသလို အမှိုက်ပုံကျေးရွာ၌လည်း KIA/KPDFနှင့် လက်နက်ကြီးအပြန်အလှန်ပစ်ခတ်မှုများ ဖြစ်နေကြောင်းသိရသည်။

” တိုက်ပွဲကတော့ အခုချိန်ထိရှိနေသေးတယ်။ ပြင်းထန်နေတယ်လို့ပဲ ပြောရမှာပေါ့” ဟု ၎င်းက ယနေ့ မွန်းလွဲ ၁၂နာရီကျော်တွင် ပြောသည်။

ဖေဖော်ဝါရီ ၂ရက်ကလည်း ဖားကန့်မြို့ အထကကျောင်းထဲသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ကလေးငယ် ၂ဦး ဒဏ်ရာရရှိခဲ့သေးသည်။

စာတည်း-ML