အီလွန်မတ်စ်၏ လိင်ပြောင်းထားသူသမီးက သူ့အဖေနှင့် ပတ်သက်သည့် အက်ပ်စတိန်းမှတ်တမ်းများ မှန်ကန်ကြောင်း ထုတ်ပြောလာ

ဓာတ်ပုံ-EPA
ပုံစာ- အီလွန်မတ်စ်၏ လိင်ပြောင်းထားသည့် သမီး ဗီဗီယန် ဂျန်နာ ဝီလ်ဆင်ကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်က New York Fashion Week အတွင်း ပြုလုပ်သည့် Chris Habana ဖက်ရှင်ရှိုးတွင် တွေ့ရစဉ်။

The Mirror

အီလွန်မတ်စ်၏နှင့် အဆက်အသွယ်ဖြတ်ထားသည့် သမီးက အက်ပ်စတိန်းဖိုင်တွဲများအတွင်းမှ သူ့အဖေနှင့် ပတ်သက်၍ ထွက်ပေါ်လာသော အချက်အလက်များကို မှန်ကန်ကြောင်း ပြောကြားလိုက်သည်။

အသက် ၂၁ နှစ်အရွယ်ရှိ ဗီဗီယန် ဝီလ်ဆင် သည် မတ်စ်နှင့် ၎င်း၏ ပထမဆုံးဇနီး ဂျပ်စတင်း ဝီလ်ဆင် တို့၏ အကြီးဆုံးသားသမီးဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်တွင် သူ့ကိုယ်သူမ လိင်ပြောင်းထားသူ အဖြစ် ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် ဖခင်ဖြစ်သူနှင့် ဆက်ဆံရေး ပျက်ပြားနေသူ ဖြစ်သည်။

သူသည် ဖခင်ဖြစ်သူ၏ လုပ်ရပ်များကို မကြာခဏ ရှုတ်ချလေ့ရှိပြီး နောက်ဆုံးထွက်ပေါ်လာသည့် အက်ပ်စတိန်းဖိုင်တွဲများပါ အသေးစိတ်အချက်အလက်များနှင့် ပတ်သက်၍ Threads လူမှုကွန်ရက်တွင် ထုတ်ပြန်ချက်တစ်ခု မျှဝေခဲ့သည်။

အမေရိကန် တရားရေးဝန်ကြီးဌာနက အမေရိကန်စီးပွားရေး လုပ်ငန်းရှင်အက်ပ်စတိန်း မှတ်တမ်းတင် သိမ်းဆည်းခဲ့သည့် အချက်ပေါင်း ၃ သန်းကျော်ကို ဇန်နဝါရီ ၃၀ ရက်က ထုတ်ပြန်ခဲ့ရာတွင် ကမ္ဘာအနှံ့မှ ထင်ရှားသူတို့၏ အမည်များ ပါဝင်လာခဲ့သည်။

အဆိုပါစာရွက်စာတမ်းများထဲတွင် မတ်စ်နှင့် နာမည်ပျက်ဖြင့် သေဆုံးသွားသည့် ဘဏ္ဍာရေးရှင် အက်ပ်စတိန်းတို့အကြား ပေးပို့ခဲ့သော ကိုယ်ရေးကိုယ်တာ အီးမေးလ်များ ပါဝင်နေပြီး “Epstein Island ” ဟု လူသိများသည့် အမေရိကန် ဗာဂျင်ကျွန်းစုရှိ Little St. James ကျွန်းသို့ သွားရောက်လည်ပတ်ရေးအကြောင်း ဆွေးနွေးထားသည်ကို တွေ့ရသည်။

၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်တွင် မတ်စ်က အက်ပ်စတိန်းထံ အီးမေးလ်ပို့ရာ၌ ၎င်း၏မိသားစုသည် “အားလပ်ရက်အတွင်း BVI/St Bart’s ဒေသမှာ ရှိနေပါလိမ့်မည်။ လာလည်ဖို့ အဆင်ပြေမယ့်အချိန် ရှိမလား” ဟု မေးမြန်းခဲ့သည်။

အက်ပ်စတိန်းက ၂၀၁၄ ဇန်နဝါရီလအစောပိုင်းတွင် အဆင်ပြေနိုင်ကြောင်း ပြန်လည်ဖြေကြားခဲ့ပြီး “ဇန်နဝါရီ ၁ ရက်ကနေ ၈ ရက်အတွင်း ဘယ်နေ့မဆို ရသည်။ အဆင်ပြေသလိုသာ လုပ်ပါ။ မင်းအတွက် အမြဲတမ်း နေရာရှိသည်” ဟု ရေးသားခဲ့သည်။

မတ်စ်က “ဒါဆို ဇန်နဝါရီ ၁ ရက် ဖြစ်နိုင်သည်” ဟု ပြန်ပြောသောအခါ အက်ပ်စတိန်းက “၂ ရက် ဒါမှမဟုတ် ၃ ရက်ဆိုရင် အကောင်းဆုံးပဲ။ ငါလာခေါ်ပါ့မည်” ဟု ပြန်လည်ဖြေကြားခဲ့သည်။

၎င်းတို့နှစ်ဦးသည် မတ်စ်၏ခရီးစဉ်အတွက် ၂၀၁၄ ဇန်နဝါရီ ၂ ရက်ကို သတ်မှတ်ခဲ့ကြသော်လည်း အတည်ပြုနိုင်ခြင်း မရှိခဲ့ပေ။

သို့သော် အက်ပ်စတိန်း၏ နေ့စဉ်လုပ်ငန်းစဉ်မိတ္တူအရ မတ်စ်သည် ၂၀၁၄ ဒီဇင်ဘာလတွင် အဆိုပါကျွန်းသို့ မသွားဖြစ်ခဲ့ကြောင်း သိရသည်။

မတ်စ်နှင့် နီးစပ်သူတစ်ဦးက “အီလွန် ဘယ်တုန်းကမှ မသွားခဲ့ဘူး။ ဒါကို ၁၀၀ ရာခိုင်နှုန်း ကျွန်တော် အာမခံနိုင်သည်” ဟု ဆိုကာ ၎င်းတို့အကြား လူမှုရေးအရ မည်သည့်ပတ်သက်မှုမျှ မရှိကြောင်း New York Post သို့ ပြောခဲ့သည်။

အဆိုပါ အီးမေးလ်များ ထွက်ပေါ်လာပြီးနောက် သမီးဖြစ်သူ ဝီလ်ဆင်က Threads တွင် “ကျွန်မ ငယ်ငယ်တုန်းက St Vincent ကနေ St Barth’s ကို စက်လှေစီးသွားခဲ့တာ မှတ်မိသည်။ အားလပ်ရက်တွေမှာ သွားလည်လေ့ရှိသည်။ ညဘက်မှာ ပင်လယ်ရေတွေက အရမ်းမှောင်နေတာကို မှတ်မိတယ်။ လျှို့ဝှက်ချက်တွေလိုမျိုး မပြောဘဲ တိုက်ရိုက်ပဲ ပြောပါ့မယ်။ အီးမေးလ်တွေမှာ ဖော်ပြထားတဲ့အချိန်တုန်းက ကျွန်မတို့ St Barth’s မှာ ရှိနေခဲ့တာ မှန်ကန်တယ်။ ဒါကြောင့် အခုအီးမေးလ်တွေဟာ အစစ်အမှန်တွေ ဖြစ်သည်လို့ ယုံကြည်တယ်” ဟုပြောကြားသည်။

အဆိုပါ အက်ပ်စတိန်း၏ ရာဇဝတ်မှုများနှင့် ပတ်သက်၍ မတ်စ်တွင် အပြစ်ရှိကြောင်း ညွှန်းဆိုသည့် အထောက်အထား တစ်စုံတစ်ရာ မတွေ့ရှိရသေးပေ။