ထိုင်းနိုင်ငံတွင် ဖြစ်ပျက်နေသော မြန်မာနိုင်ငံသားများနှင့် ပတ်သက်သည့် ကိစ္စရပ်များသည် သွေးရိုးသားရိုး မဟုတ်ဘဲ ကြီးမားသော ပြဿနာများ ဖြစ်လာစေရန် သွေးထိုးလှုံ့ဆော်မှုများရှိ လာကြောင်း NUG အစိုးရ ၊ ပြည်ထောင်စု ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။
ဖေဖော်ဝါရီ ၂၆ ရက်က ပြုလုပ်သည့် “ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြော ကြားခြင်း” အစီအစဉ်(Press Briefing)၌ ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
” လူပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့ မဆင်မခြင်မှုတစ်ခုကနေ သွေးထိုးလှုံ့ဆော်မှုတွေကြောင့် အမှိုက်ကစ ပြာသာဒ်မီးလောင်ဆိုသလို ကြီးထွားလာပြီး လူမျိုးရေး ပဋိပက္ခအသွင်ပြောင်းသွားစေနိုင်တာကြောင့် သတိကြီးစွာထားကြဖို့ မေတ္တာရပ်ခံလိုပါတယ်”ဟု ဦးနေဘုန်းလတ်က ပြောသည်။
မြန်မာနိုင်ငံသားများအနေဖြင့် ရောက်ရှိရာ ဒေသ၏ တည်ဆဲဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို စံနမူနာပြ လိုက်နာစောင့်ထိန်းကြရန် ၊ ထိုင်းနိုင်ငံ၏ ပြည်တွင်းရေးနှင့် နိုင်ငံရေးကိစ္စရပ်များတွင် ပါဝင်ပတ်သက်ခြင်းကို လုံးဝရှောင်ကြဉ်ကြရန် ၊ အိမ်ရှင်လူမှုအသိုင်းအဝိုင်း၏ ယဉ်ကျေးမှုနှင့် တန်ဖိုး ထားမှုများကို လေးစားလိုက်နာပြီး သဟဇာတဖြစ်စွာ နေထိုင်ကြရန်နှင့် မြန်မာနိုင်ငံသားများကို ကာကွယ်စောင့်ရှောက် လက်ခံပေးထားသည့် ထိုင်းနိုင်ငံ ဘုရင်မင်းမြတ် ၊ ထိုင်းအစိုးရနှင့် ထိုင်းပြည်သူလူထုကို ကျေးဇူးတင်ရှိကြောင်း ပြသကြရန်လည်း ၎င်းက မေတ္တာရပ်ခံထားသည်။
မြန်မာပြည်သူများသည် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်နိုင်ရေး ကြိုးစားနေသူများ ဖြစ်သည့် အလျောက် မည်သည့်နေရာတွင်မဆို ငြိမ်းချမ်းစွာနှင့် စည်းကမ်းတကျနေထိုင်တတ် သူများဖြစ် ကြောင်း သက်သေပြကြရန်လည်း ၎င်းကတိုက်တွန်းထားသေးသည်။
