တရုတ်က အန္တာတိကတိုက် ရေခဲပြင်တွင် ခြောက်ဘီးသွားယာဉ်ကို ကီလိုမီတာ ၁၀,၀၀၀ အထိ အောင်မြင်စွာ စမ်းသပ် မောင်းနှင်

ပုံစာ - တရုတ်ပြည်တွင်းထုတ် Snow Leopard 6x6 ခြောက်ဘီးတပ်ယာဉ်ကို စမ်းသပ်မောင်းနှင်နေစဉ်။

တရုတ်နိုင်ငံက ပြည်တွင်းဖြစ် Snow Leopard 6×6 ဘီးတပ်ယာဉ်ကို ကမ္ဘာ့တောင်ဘက်စွန်းဆုံးရှိ အန္တာတိကတိုက်အတွင်းပိုင်း၌ ကီလိုမီတာ ၁၀,၀၀၀ ကျော် စမ်းသပ်မောင်းနှင်နိုင်ခဲ့သည်။

ယခုလုပ်ဆောင်ချက်သည် တရုတ်နိုင်ငံ၏ ဝေးလံခေါင်ဖျားသော ဝင်ရိုးစွန်းဒေသသုံး ဘီးတပ်ယာဉ် နည်းပညာပိုင်း၌ ကာလရှည်ကြာရှိနေခဲ့သည့် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း CCTV သတင်းဌာနက ဖေဖော်ဝါရီ ၁၀ ရက်တွင် ဖော်ပြခဲ့သည်။

ဝင်ရိုးစွန်းခရီးစဉ်များတွင် ပုံမှန်အသုံးပြုလေ့ရှိသည့် ချိန်းကြိုးတပ်ယာဉ်များသည် နှင်းပြင်များပေါ်၌ တစ်နာရီလျှင် ပျမ်းမျှ ကီလိုမီတာ ၂၀ ခန့်သာ သွားလာနိုင်သော်လည်း၊ Snow Leopard ယာဉ်မှာမူ နှင်းပျော့ပေါ်၌ တစ်နာရီလျှင် ၂၈ ကီလိုမီတာနှင့် နှင်းမာပေါ်၌ တစ်နာရီလျှင် ၄၂ ကီလိုမီတာအထိ သွားလာနိုင်ခဲ့သည်။

ရေခဲပြင်ပေါ်တွင်မူ တစ်နာရီလျှင် ၆၅ ကီလိုမီတာအထိ အရှိန်ပြင်းစွာဖြင့် တည်ငြိမ်စွာ မောင်းနှင်နိုင်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

၇၅ ရက်ကြာ စမ်းသပ်မှုအတွင်း အဆိုပါ ဘီးခြောက်လုံးပါ အဆိုပါယာဉ်ကို ပင်လယ်ရေခဲပြင်၊ ကျောက်စရစ်ခဲမြေပြင်၊ ပျော့ပြောင်းသောနှင်းပြင်၊ ခဲနေသောနှင်းပြင်နှင့် ရေခဲပြင်တောက်လျှောက် စသည့် မြေပြင်အနေအထား ငါးမျိုး၌ အသေးစိတ် မောင်းနှင်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ စမ်းသပ်ရာတွင် ယာဉ်၏ သွားလာနိုင်စွမ်း၊ တည်ငြိမ်မှုနှင့် ဘေးကင်းလုံခြုံမှု စသည့် အဓိကအချက်များကိုလည်း အတည်ပြုနိုင်ခဲ့သည်။

Snow Leopard ယာဉ်သည် စခန်းတစ်ခုနှင့်တစ်ခုအကြား လျင်မြန်စွာ သွားလာနိုင်ခြင်း၊ လုပ်ငန်းခွင်အတွင်း အချိန်တိုအတွင်း နေရာချထားနိုင်ခြင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ချက်ချင်းတုံ့ပြန်နိုင်ခြင်းတို့ကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည့်အတွက် တရုတ်လေ့လာရေးအဖွဲ့၏ သွားလာနိုင်စွမ်းနှင့် လုပ်ဆောင်ရည်ကို များစွာ တိုးတက်စေခဲ့သည်။