ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်း စစ်တပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အိမ်ဆောက်နေသည့် အမျိုးသား၆ဦးသေဆုံးပြီး ကလေးငယ်များအပါအဝင် ၇ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယနေ့ ( ဖေဖော်ဝါရီ ၁၀ ရက် ) မွန်းတည့် ၁၂ နာရီခန့်က ထန်တလန်မြို့နယ်၊ တလန်ခွါရွာကို စစ်တပ်က ဂျက်လေယာဉ်တစ်စင်းဖြင့် ဗုံး ၂လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
” ရွာရဲ့ စာသင်ကျောင်းနားနဲ့ ဘောလုံးကွင်းနားရယ်ကို ဗုံးကျတာပါ။ ဘောလုံးကွင်းနားမှာက အိမ်ဆောက်နေတာရှိတယ်။ အဲဒီကို တစ်လုံးကျတာဆိုတော့ အိမ်ဆောက်နေတဲ့ အမျိုးသား ၆ ယောက်လုံး သေသွားတယ်။ ၅ယောက်က ပွဲချင်းပြီးသေတာ။ နောက်တစ်ယောက်က ဒဏ်ရာနဲ့ ခဏကြာမှသေသွားတယ်။ ဒဏ်ရာရသူတွေထဲမှာ ကျောင်းသားတွေလည်း ပါတယ်။ နေ့ခင်းကျောင်းဆင်းချိန် ဖြစ်သွားတာဆိုတော့ ” ဟု ထန်တလန်မြို့နယ် သတင်းရင်းမြစ်က MPA ကို ပြောသည်။
သေဆုံးသူများမှာ ရာလ်အီယ်ဖ် (Ral Iap)၊ ထန်းကျဲအို (Thang Ceu) ၊ ဆွေကျုံး( Sui Cung) ၊ ငွန်လျန်ထောင်း( Ngun Lian Thawng) ၊ ကျုံးကျင်ထောင်း (Cung Cin Thawng) နှင့်ဗျက်ကုန်း (Biak Kung) တို့ဖြစ်ကြပြီး ဒဏ်ရာရရှိသူများအား ဆေးဝါးကုသမှုပေးနေကြောင်း သိရသည်။
” ဗုံးကြဲပြီးတော့ လေကြောင်းထပ်ဝဲသေးတယ်။ ဗုံးထပ်ကြဲမှာစိုးလို့ တစ်ရွာလုံး ရှောင်နေကြတာ။ဒီရွာနဲ့ မိုင် ၃၀ လောက်အကွာက ဖလမ်းမြို့နယ်မှာတော့ တိုက်ပွဲတွေရှိတာပေါ့။ ဒါပေမဲ့၊ ထန်တလန်မြို့နယ်ထဲမှာ ဘာတိုက်ပွဲမှမရှိပါဘူး ” ဟု ၎င်းက ဆက်လက်ပြောသည်။
တလန်ခွါရွာသည် ထန်တလန်မြို့မှ ကလေးမြို့သို့ သွားသည့် လမ်းပေါ်တွင် တည်ရှိပြီး အိမ်ခြေ ၂၀၀ ခန့်ရှိသည်။
ဖေဖော်ဝါရီ ၈ရက်ကလည်း မတူပီမြို့နှင့် ၁၂မိုင်ခန့်အကွာ၊ မင်းတပ်-မတူပီကားလမ်းမပေါ်ရှိ ခြန်းပြန်းကျေးရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တစ်ဦးအပါအဝင် သုံးဦးသေဆုံးခဲ့သည်။
ဇန်နဝါရီ ၂၉ရက်က ချင်းပြည်နယ်ရှိ ထန်တလန်၊ ကန်ပက်လက်၊ မတူပီ၊ ဖလမ်း၊ ပလက်ဝ၊ တွန်းဇံနှင့် မင်းတပ်မြို့နယ်တို့ကို စစ်အုပ်ချုပ်ရေးအမိန့် ရက် ၉၀ ထပ်တိုးကြောင်း စစ်တပ်က ကြေညာပြီးနောက် လေကြောင်းတိုက်ခိုက်မှု ပိုမိုများပြားလာကြောင်း သိရသည်။
