တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့မှ ဝင်း၀တပ်စခန်းသို့ အင်အားဖြည့်ရန် လာသော စစ်တပ်ကို KNLA ပူးပေါင်းစစ်ကြောင်းက ဖြတ်တိုက်ခဲ့ရာ စစ်သား၉ဦးသေဆုံးပြီး သေနတ် ၇လက် သိမ်းဆည်းရ မိခဲ့ကြောင်း ကေအဲန်ယူ- မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီ ၁၀ရက်က သရက်ချောင်းမြို့မှစစ်ကြောင်းထိုးလာသော တပ်ရင်း၄၀၃၊ ၄၀၄နှင့် ၄၀၅ ပူးပေါင်းစစ်ကြောင်းကို KNLA တပ်မဟာ ၄၊ တပ်ရင်း၁၂နှင့်တပ်မဟာ၆၊ တပ်ရင်း၂၇တို့က တိုက်ခိုက်ခဲ့ရာ MA1သေနတ်၂လက်၊ MA3၅လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
“ဝင်းဝစခန်းမှာက သူတို့စခတွေ ၉၀၊၁၀၀ ကျော်လောက်ရှိမယ်လို့ ပြောကြတယ်။ စစ်ကြောင်းထိုး လာတာကို သတင်းကြိုရတယ်။ နယ်မြေကျွမ်းကျင်မှုလည်း ရှိတယ်။အဲဒါကြောင့် ချက်ကောင်း နေရာ ရွေးပြီး ဖြတ်တိုက်တာ။စခတွေ အထိနာလို့ ပြန်ဆုတ်ပြေးတယ်လို့ သိရတယ်။ လောလောဆယ် ဘယ်ကိုပြေးပြီး ဘယ်ရောက်နေသလဲဆိုတာကိုတော့ မပြောချင်ဘူး”ဟု ထားဝယ်ခရိုင်အခြေစိုက် တော်လှန်ရေးရဲ ဘော်တစ်ဦးက MPAသို့ပြောသည်။
စစ်ကြောင်းထိုးလာသော တပ်များမှာ သရက်ချောင်းအခြေစိုက် ခမရ တပ်များဖြစ်ပြီး ယခင်ကလည်း ယင်းတပ်ရင်း၃ခုပေါင်းကာ စစ်ကြောင်းထိုးလေ့ရှိကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်၊ဝင်းဝရွာသည် ထားဝယ်-မြိတ်ကားလမ်းပေါ်တွင် တည်ရှိသည်။
