မြန်မာ့ကလေးများနေ့တွင် ကလေးငယ်များ ဆော့ကစားရင်း မိုင်းနင်းမိ၊ တစ်ဦးသေဆုံးကာ သုံးဦး ဒဏ်ရာရ

ဓာတ်ပုံ - မနောမေတ္တာ နာရေးကူညီမှုအသင်း
ပုံစာ - မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့သော က‌လေးငယ်များ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တောင်ပြိုကျေးရွာမှ ကလေးငယ်များ မိုင်းနင်းမိခြင်းကြောင့် တစ်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၃ ရက်၊ နံနက် ၉ နာရီခန့်က စစ်တလင်းမြေဖြစ်ခဲ့ဖူးသော ဖားကန့်မြို့နယ်၊ တောင်ပြိုကျေးရွာမှ ကလေးငယ် လေးဦးသည် ရွာထဲ၌ ဆော့ကစားနေစဉ် လမ်းဘေးတွင် မိုင်းနင်းမိခဲ့ခြင်းဖြစ်ပြီး၊ မိုင်းတစ်လုံး ပေါက်ကွဲကာ အသက် ၇ နှစ်အရွယ် ယောက်ျားလေးတစ်ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။

“ဖြစ်စဉ်က ၉ နာရီဝန်းကျင်လောက်မှာ ဖြစ်တာ။ ရွာထဲမှာပဲ ဘယ်နားလေးလဲဆိုတာတော့ အတိအကျမသိရသေးဘူး။ ကလေးတွေ ဆော့နေရင်း လမ်းဘေးမှာ ကြိုးမိုင်းတစ်ခုခုကို သွားနင်းမိတာဖြစ်မယ်။ ဒီဘက်မှာတော့ ကြိုးမိုင်းမဟုတ်ရင် ရီမုဒ် (Remote) မိုင်းပဲ သုံးကြတာများတယ်။ ပြောရရင် ကလေး လေးယောက်ထိတာ။ တစ်ယောက်ကတော့ ပွဲချင်းပြီး ဆုံးသွားတယ်။ နောက်နှစ်ယောက်က ဒဏ်ရာအပြင်းအထန်ရတယ်။ ကျန်တစ်ယောက်ကတော့ မစိုးရိမ်ရဘူး၊ ခပ်ပါးပါးပဲ ထိတာ” ဟု ဖားကန့်မြို့ စစ်ရေးသတင်းရင်းမြစ်တစ်ခုက MPA သို့ ပြောကြားသည်။

ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည့် ကလေးငယ်နှစ်ဦးမှာ အသက် ၈ နှစ်အရွယ် မိန်းကလေးနှင့် အသက် ၁၁ နှစ်အရွယ် ယောက်ျားလေးတို့ဖြစ်ပြီး၊ ၎င်းတို့ကို ဖားကန့်ဆေးရုံမှတစ်ဆင့် မြစ်ကြီးနားဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ထားရကြောင်း သိရသည်။

တောင်ပြိုနှင့် ဗလခကျေးရွာများသည် ဖားကန့်ဗျူဟာကုန်း၏ အနောက်ဘက်ရှိ အမြင့်ဆုံးတောင်ဖြစ်သော လမောင်ကုန်းပေါ်တွင် စစ်ကောင်စီတပ်များ စခန်းချရာနေရာများ ဖြစ်ပြီး၊ အဆိုပါစခန်းကို ၂၀၂၄ ခုနှစ်အတွင်း တော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက်ခဲ့သော်လည်း၊ ၂၀၂၅ ခုနှစ် မိုးရာသီတွင် စစ်တပ်က ထိုတောင်ကို ပြန်လည်ရရှိရန် ထိုးစစ်ဆင်ခဲ့သည့် နေရာလည်း ဖြစ်သည်။

ထို့ပြင် ဗျူဟာကုန်းဘက်မှ လမောင်ကုန်းသို့ စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်ရှိ အမှိုက်ပုံ၊ တောင်ပြိုနှင့် ဗလခ စသည့်နေရာများတွင် တိုက်ပွဲများ အလွန်ပြင်းထန်ခဲ့သဖြင့် ရွာသူရွာသားများအားလုံး ဘေးလွတ်ရာသို့ စစ်ရှောင်ခဲ့ကြသော်လည်း ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် တိုက်ပွဲများ ပြန်လည်ငြိမ်သက်သွားသည့်အတွက် စစ်ရှောင်ရွာသား ၉၀ ရာခိုင်နှုန်းခန့်သည် နေရပ်သို့ ပြန်လည်အခြေချ နေထိုင်နေကြပြီ ဖြစ်သည်။

“တောင်ပြိုနဲ့ ဗလခဆိုတာက ပထမအကြိမ် စစ်တလင်းမြေ ဖြစ်ခဲ့ပြီးသားနေရာတွေပါ။ ဖားကန့်နဲ့လည်း သိပ်မဝေးသလို ဗျူဟာကုန်းနဲ့လည်း နီးတယ်” ဟု ၎င်းက ရှင်းပြသည်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကလည်း ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်၊ ရွှေမြန်မာဆီဆိုင်လမ်းကြားတွင် ထောင်ထားသည့် မိုင်းကို နင်းမိခြင်းကြောင့် အမျိုးသားတစ်ဦး သေဆုံးကာ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သေးသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့သည် ‘မြန်မာ့ကလေးများနေ့’ ဖြစ်ပြီး၊ ဖေဖော်ဝါရီလအတွင်း စစ်အုပ်စုကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် ၂၀ ဦးအထိ သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။

စာတည်း-ML