ဖလမ်း၊ ထင်းရှူးစခန်းကို ချင်းပူးပေါင်းတပ် ပြန်သိမ်း၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ဓာတ်ပုံ - ပေးပို့
ပုံစာ - သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ။

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ရှိ ထင်းရှူးစခန်းကို ချင်းတော်လှန်ရေးပူးပေါင်းတပ်များ ပြန်လည်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယနေ့ ( ဖေဖော်ဝါရီ ၁၄ရက် ) နံနက် ၁ နာရီခန့်က ဖလမ်းမြို့နယ်ရှိ ထင်းရှူးစခန်းကို ချင်းတော်လှန် ရေးပူးပေါင်းတပ်များက ပြန်လည်ထိုးစစ်ဆင်ကာ သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက်ငယ် ၁၁ လက်၊ ဒရုန်းတစ်စင်းနှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

” မနေ့နဲ့ ဒီနေ့ မနက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်တယ်။ ထင်းရှူးစခန်းဘက်မှာ။ မနေ့ကတော့ သူတို့ ( စစ်တပ် ) ကျနော်တို့ ခံစစ်ထားတဲ့ အဲဒီနေရာကို စစ်ကြောင်းထိုးပြီး သူတို့ယူတယ်။ အဲဒါကို ကျနော် တို့ က ဒီမနက် ၁ နာရီမှာ ထိုးစစ်တွေ ပြန်စပြီး ပြန်သိမ်းတယ်။ လက်နက်တွေလည်း ရတယ် ” ဟု CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က MPA ကို ပြောသည်။

ယင်းတိုက်ပွဲအတွင်း စစ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အသေးစိတ်ကိုမသိရသေးပေ။

ဖေဖော်ဝါရီ ၁၃ရက် ညနေပိုင်းကလည်း ဝေဘူလမြို့တိုက်ပွဲမှ ထွက်ပြေးလာသော စစ်သားများ၏ သတင်းပေးမှုဖြင့် မဏိပူရ်မြစ်အနီး ဖွက်ထားသည့် လက်နက်ကြီး ကျည်များ၊ ၁၂၂ မမ ရှော့တိုက်ဒုံး၊ ၁၂၀ မမ ဗုံးသီး၊ ဒရုန်းဗုံးသီး၊ ၈၁ မမ ဗုံးသီး နှင့် RPG ဗုံးသီးများလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

” အရင်က ဝေဘူလလမ်းဘက်က တက်လာတဲ့ စစ်ကြောင်းက လမ်းဘေးတစ်နေရာမှာ ဖွက်ထားတဲ့ လက်နက်ခဲယမ်းတွေကို ပြန်ရယူတာပါ။ ဝေဘူလဘက်က တက်လာတဲ့စစ်ကြောင်းက ဖလမ်းမြို့ နယ်၊ ဆွန်ဟရန်ရွာ (Sumhrang) အထိ ရောက်တယ်။ အဲဒီကထွက်ပြေးလာတဲ့ ၂ယောက်ကို ဖမ်း ထားတာရှိတယ်။ သူတို့ကို မေးမြန်းရင်း လက်နက်ခဲယမ်းထားတဲ့နေရာကို ပြောပြတာနဲ့ သွားယူ တာပါ ” ဟု ချင်းပြည်( Chinland) အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။

ဇန်နဝါရီ ၂၀ ရက်နေ့က ကလေးမြို့က ကလေး – သိုင်းငင်းလမ်းပိုင်းမှတစ်ဆင့် ဖလမ်းမြို့နယ်သို့ အင်အား ၃၀၀ ခန့်ဖြင့် စစ်ကူပို့လာသော စစ်ကြောင်းသည် ဖလမ်းမြို့နယ်၊ လုံဘန်း ( Lumbang ) ကျေးရွာအနီးကိုရောက်ရှိနေပြီဖြစ်ပြီး ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဆီးကြိုတိုက်ခိုက် လျက်ရှိကြောင်း သိရသည်။

၂၀၂၅ခု၊ အောက်တိုဘာ ၂၉ရက်က စတင်ကာ ဖလမ်းမြို့ကို စစ်တပ် ပြန်လည်ထိန်းချုပ်‌နိုင်ရေးအတွက် စစ်ကြောင်းထိုးလာခဲ့ရာမှ ဖလမ်းနှင့် တီးတိန်မြို့နယ်တို့တွင် ၄လကျော်ကြာ တိုက်ပွဲ ဖြစ်ပွားလျက်ရှိသည်။
စာတည်း-ML