ကွတ်ခိုင်မှာ မဟာမိတ်ချင်း ထိတွေ့မှုဖြစ်၊ ကိုးကန့်တပ်များ သိန္နီထိ အင်အားဖြည့်တင်းလာ

ဓာတ်ပုံ-TNLA

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်း တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များအကြား နယ်မြေစိုးမိုးမှုဆိုင်ရာ အငြင်းပွားရာမှတစ်ဆင့် လက်နက်ကိုင်ပဋိပက္ခများ ပေါ်ပေါက်လာခြင်းကြောင့် ဒေသခံပြည်သူများအကြား စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ကွတ်ခိုင်မြို့၌ အခြေစိုက်သည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့မှ အောက်ခြေရဲဘော်အချင်းချင်း စကားများရာမှ အစပြုခဲ့ခြင်းဖြစ်သည်။

အဆိုပါ အခြေအတင်စကားများမှုအတွင်း MNDAA ဘက်မှ သေနတ်ဖြင့် စတင်ပစ်ခတ်ခဲ့သဖြင့် TNLA ရဲဘော်တစ်ဦး ခြေထောက်တွင် သေနတ်ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပြီးနောက် နှစ်ဖက်တပ်ဖွဲ့များအကြား တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ရသည်။

“အခုလောလောဆယ် ကွတ်ခိုင်မြို့ထဲမှာတော့ TNLA တပ်တွေက နေရာယူထားပြီး မြို့ပြင်ဘက်မှာတော့ ကိုးကန့်တပ် (MNDAA) တွေက ဝိုင်းထားသလို ဖြစ်နေတော့ နှစ်ဖက်စစ်ရေးက တော်တော်လေး တင်းမာနေတုန်းပဲဗျ။” ဟု မြေပြင် စစ်ရေးသတင်းရင်းမြစ်က MPA သို့ပြောသည်။

ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင်မူ လားရှိုးမြို့ဘက်မှ ကိုးကန့်တပ်ဖွဲ့များ တင်ဆောင်လာသည့် ကားကြီး သုံးစီးသည် သိန္နီမြို့အထိ ဆင်းလာခဲ့ပြီးနောက် ထိုညပိုင်းတွင် နှစ်ဖက်ထိတွေ့မှုများ ပိုမိုပြင်းထန်လာခဲ့သည်။

“ညဘက်တိုက်ပွဲတွေတုန်းက ၄၀ မမ လက်နက်ကြီးတွေရော လက်နက်ငယ်တွေနဲ့ပါ အပြန်အလှန် ပစ်ကြခတ်ကြတော့ မြို့ထဲကလူတွေလည်း တိုက်ပွဲတွေ ပိုပြင်းလာမှာစိုးလို့ အတော်လေးကို ထိတ်လန့်နေကြရတယ်” ဟု ကိုးကန့် ဒေသခံတစ်ဦးက ပြောသည်။

အလားတူ ကွတ်ခိုင်မြို့အတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲဘော်များကိုလည်း MNDAA ဘက်က စစ်ဆေးမှုများ ပြုလုပ်ခဲ့သည့် ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပွားခဲ့သည်။

အဆိုပါ စစ်ဆေးမှုအတွင်း PDF ရဲဘော်များထံမှ TNLA ယူနီဖောင်းအချို့ တွေ့ရှိခဲ့သဖြင့် MNDAA ဘက်က ခေတ္တဖမ်းဆီးထိန်းသိမ်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

သို့သော် နောက်ပိုင်းတွင် ဖမ်းဆီးခံရသူများမှာ PDF ရဲဘော်များသာဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သဖြင့် MNDAA ဘက်က ၎င်းတို့ကို ထိုင်ထလုပ်ခိုင်းသည့် ပြစ်ဒဏ်ပေးကာ ပြန်လည်လွှတ်ပေးခဲ့သည်ဟု သတင်းရင်းမြစ်များက ဆိုသည်။

ယခုကဲ့သို့ မဟာမိတ်တပ်ဖွဲ့များအကြား ဖြစ်ပွားနေသည့် ပဋိပက္ခများနှင့် ပတ်သက်၍ မြေပြင်သတင်းရင်းမြစ်များ၏ အဆိုအရ နှစ်ဖက်ခေါင်းဆောင်များသည် လောက်ကိုင်မြို့၌ တွေ့ဆုံဆွေးနွေးရန် စီစဉ်နေကြောင်း သိရသည်။

“အခုလို တော်လှန်ရေးအဖွဲ့တွေအချင်းချင်း နယ်မြေလုပြီး တင်းမာနေတာဟာ စစ်ကော်မရှင် ကို တိုက်ထုတ်နေတဲ့ စစ်ရေးအရှိန်အဟုန်ကို ထိခိုက်သွားမှာစိုးရတယ်။ ဒါပေမယ့် သူတို့နှစ်ဖွဲ့ ဆွေးနွေးဖို့ရှိတယ်လို့တော့ သတင်းရထားတယ်။ အချင်းချင်း ပြန်လည် တိုက်ခိုက်နေတာက ဘယ်လိုမှ မဖြစ်သင့်တော့ ဆွေးနွေးပွဲ မြန်မြန်ဖြစ်ဖို့လိုတယ်” ဟု ကွတ်ခိုင်မြို့နယ်အတွင်းရှိ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

မြောက်ပိုင်းမဟာမိတ်ညီနောင်များအကြား နားလည်မှုလွဲမှားခြင်းနှင့် အောက်ခြေတပ်ဖွဲ့ဝင်များအကြား ထိန်းချုပ်မှု အားနည်းခြင်းတို့ကြောင့် ဖြစ်ပေါ်လာရသည့် ဤပဋိပက္ခကို အမြန်ဆုံး ညှိနှိုင်းဖြေရှင်းနိုင်ရန် ဒေသခံများက မျှော်လင့်နေကြ သည်။