လုံးခင်းရဲစခန်းကို ဝိုင်းထားသော ကေအိုင်အေတပ် ပြည်သူ ဗုံးကြဲခံရမည်စိုး၍ ပြန်ဆုတ်

ဓာတ်ပုံ - Tarlin Mg
ပုံစာ - လုံးခင်းနယ်မြေရဲစခန်း။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းနယ်မြေရဲစခန်းကို ဝိုင်းထားသော KIA ပူးပေါင်းတပ်သည် အရပ်သားပစ်မှတ်များ ဗုံးကြဲခံရမည်စိုးသဖြင့် ပြန်လည်ဆုတ်ခွာသွားပြီဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၄ရက်၊ ည ၇နာရီခန့်က စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ငြိမ်းချမ်းသာ ယာရွာ ( ခ ) ခွန်ဆာကုန်းရှိ လုံးခင်းနယ်မြေရဲစခန်းမှ ပြန်လည်ဆုတ်ခွာ‌သွားရသော်လည်း ရဲစခန်းအတွင်းရှိ အဆောက်အအုံများကို KIA ၊ KPDF ပူးပေါင်းတပ်များက ဖျက်ဆီးပစ်ခဲ့ကြောင်း ဖားကန့်မြို့ စစ်ရေးသတင်းရင်းမြစ်က MPA ကို ပြောသည်။

” ဝိုင်းထားပြီးတော့ ရဲစခန်းကို တော်တော်တော့ ဖြိုလိုက်တယ်။ ညက လေယာဉ်လာပြီးနောက်ပိုင်း အကုန်ပြန်ဆုတ်သွားကြတယ်။ လေကြောင်းက အရပ်သားနေအိမ်၊ အရပ်သားပစ်မှတ်တွေကို ကြဲမှာစိုးတာကြောင့်လည်း ပါတယ်။ ပြန်ဆုတ်ရတာ။ ရဲစခန်းကို စစ်ကူမလာနိုင်အောင် ပိတ်ဆို့ရေး၊ ဖြတ်တောက်ရေးလုပ်ထားတဲ့ နေရာတွေပါ ပြန်ဆုတ်လိုက်ပြီ ” ဟု ၎င်းက MPA ကို ပြောသည်။

ကေအိုင်အေပူးပေါင်းတပ် ပြန်ဆုတ်သွားပြီးနောက် လုံးခင်းကျေးရွာရှိ စစ်တပ်၏ ယမ်းချက်စက်ရုံနှင့် ဒေသအခေါ် မြောက်ကုန်း ( စစ်တပ်တပ်စွဲထားသောကုန်း ) တို့မှ စစ်သားများသည် လုံးခင်းနယ်မြေ ရဲစခန်းသို့ စစ်ကူလာရောက်ကာ အင်အားဖြည့်တင်းခဲ့ကြောင်း သိရသည်။

” မနေ့ညက ယမ်းချက်ကနေ စစ်ကူလာတဲ့စစ်ကြောင်းက ရဲစခန်းထဲသွားပေါင်းတယ်။ SNA ရှမ်းနီတပ်သားတွေ အများဆုံးပါတယ်လို့ သိရတယ်။ ရဲစခန်းထဲမှာ နေစရာ အဆောက်အုံမရှိတော့ ရဲစခန်းဘေးက မူလတန်းကျောင်းထဲမှာ နေနေကြတယ်။ ဒီမနက် ၁၀ နာရီလောက်မှာ မြောက်ကုန်း ကနေ ထွက်လာတဲ့ စစ်ကြောင်းက ငြိမ်းချမ်းသာယာရွာထဲ လမ်းမကြီးထဲမှာ ဖြန့်ပြီး နေရာယူထား ကြတယ် ” ဟု ၎င်းက ဆက်လက်ပြောသည်။

လုံးခင်းနယ်မြေရဲစခန်းတွင် စစ်အင်အား ၅၀ ခန့်ရှိနေပြီး ငြိမ်းချမ်းသာယာရွာအတွင်း နေရာယူထား သော စစ်သားများသည် ယင်းရွာနေ ပြည်သူများအား ဖမ်းဆီးမှုမရှိသေးကြောင်း ၎င်းကပြောသည်။

ယနေ့ မွန်းလွဲပိုင်းအထိ နှစ်ဖက်တပ်များအကြား တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း နံနက်ပိုင်းက ငြိမ်းချမ်းသာယာရွာ လမ်းမပေါ်၌ နေရာယူထားသော စစ်‌သားများကို ကေအိုင်အေ ပူးပေါင်းတပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သားများထိခိုက်မှုအား မသိရသေးပေ။

ဖေဖေါ်ဝါရီ၁၄ရက်ည လေကြောင်းတိုက်ခိုက်မှုကြောင့် ဆိုင်းတောင် – ရွာဟောင်းလမ်းပိုင်းရှိ ဂျန်ကပ် RC ဘုရားကျောင်းကို ဗုံးကျကာ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် လုံးခင်းနယ်မြေရဲစခန်းတိုက်ပွဲအတွင်း ငြိမ်းချမ်းသာယာရွာ အပိုင်း၂ရှိ အရပ်သားနေအိမ်ပေါ် လက်နက်ကြီးကျကာ အမျိုးသားတစ်ဦး သေဆုံးပြီး အမျိုးသမီး၂ဦးနှင့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စာတည်း-ML