တမူးမြို့နယ်မှ ပြည်သူများ ချင်းတောင်တွင် ဘိန်းခင်းလုပ်သားအဖြစ် သွားရာက်လုပ်ကိုင်မှု ပိုများလာ

ဓာတ်ပုံ-MPA
ပုံစာ-ကယားပြည်နယ်အတွင်းရှိ ဘိန်းစိုက်ခင်းများအားတွေ့ရစဉ်

စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ တမူးမြို့နယ်မှ ပြည်သူများအနေဖြင့် ချင်းတောင်ရှိ ဘိန်းခင်းများတွင် သွားရောက်အလုပ်လုပ်ကိုင်သူ ပိုမိုများပြားလာကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်တွင် စစ်ကောင်စီအာဏာသိမ်းပြီးချိန်မှစ၍ ဘိန်းစိုက်ခင်းများကို ပေါ်ပေါ်ထင်ထင် စိုက်ပျိုးလာကြပြီး နယ်မြေချင်းထိစပ်နေသည့် တမူးမြို့နယ်မှ ပြည်သူများအနေဖြင့်လည်း ဘိန်းခင်းများတွင် သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

“ပုံမှန်ပါပဲ တခြားလုပ်စရာမှ မရှိတာ။ အဲဒီမှာ (ဘိန်းခင်း) က နေ့စားလည်း ကိုက်တယ်။ ကလေးကအစ မိန်းကလေးငယ်ငယ်လေးတွေတောင် အဲဒီဘက် သွားကြတာကြာပြီ။ ရွာမှာကျန်တဲ့ ကလေးတွေလည်း သွားတဲ့သူတွေကို အားကျလို့” ဟု ကနန်ရွာဒေသခံ အမျိုးသားတစ်ဦးက MPA ကို ပြောသည်။

မြန်မာ-အိန္ဒိယနယ်စပ်မြို့များဖြစ်သည့် တွန်းဇံမြို့နှင့် ကျီခါးမြို့များကို ချင်းတော်လှန်ရေးတပ်ဖွဲ့များက ၂၀၂၄ ခုနှစ်၊ မေလအတွင်း သိမ်းပိုက်နိုင်ခဲ့ပြီး ယခင်က တောနက်များတွင်သာ စိုက်ပျိုးကြသော ဘိန်းခင်းများသည် ယခုအခါ လမ်းမဘေးများသို့ပင် ပေါ်ပေါ်ထင်ထင် စိုက်ပျိုးလာကြောင်း သိရသည်။

ထိုသို့ ဘိန်းစိုက်ပျိုးသူများတွင် တွန်းဇံနှင့် ကျီခါးမြို့များမှ ပြည်သူများသာမက စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှ ပြည်သူများလည်း ချင်းတောင်ပေါ်တွင် မြေငှား၍ ဘိန်းစိုက်ပျိုးကြသည်များလည်း ရှိကြောင်း ခမ်းပါတ်မြို့ ဒေသခံအမျိုးသားတစ်ဦးက MPA သို့ ပြောသည်။

“ဘိန်းခင်းလုပ်တဲ့သူ ခမ်းပါတ်မှာ အများကြီးပဲ။ ခမ်းပါတ်အမှတ် (၁) နဲ့ အမှတ် (၃) ရပ်ကွက်တွေက အများဆုံး လုပ်ကြတယ်။ တစ်ရာသီကို တစ်ခင်း၊ တစ်ဧက ဘယ်လောက်ဆိုပြီး ဆက်ကြေးပေးပြီး လုပ်နေကြတယ်လို့ ပြောတယ်။ အဲဒီမှာကလည်း အဖွဲ့တွေက အသီးသီး ရှိကြတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ ဘိန်းစိုက်ခင်းများတွင် အသက်မပြည့်သေးသည့် ကလေးများပင် သွားရောက်လုပ်ကိုင်နေကြပြီး ဆိုင်ကယ်ဖြင့် ဈေးလာရောင်းသူများ၊ ဘိန်းနှင့် မုန့်နှင့် လဲလှယ်သူများဖြင့် စည်ကားလျက်ရှိပြီး ဘိန်းများကို အိန္ဒိယနိုင်ငံဘက်မှ ဆေးကုမ္ပဏီအမည်ခံ ပွဲစားများက လာရောက်ဝယ်ယူကြကြောင်း သိရသည်။

“ဘိန်းခင်းတွေမှာက အရက် တားမြစ်ထားတယ်။ ရန်ဖြစ်လွယ်လို့တဲ့ အရက်တားမြစ်ထားတာ။ ကလေး ၁၃၊ ၁၄ နှစ်အရွယ်တွေက အရက်မရလို့ ဘိန်းစမ်းရင်း ပါသွားသူတွေ တပုံကြီး။ အစက ရှူတာ၊ နောက်ပိုင်းကျ ထိုးကြတော့တာလေ” ဟု ဘိန်းစိုက်ခင်းများနှင့် နီးစပ်သူ တမူးဒေသခံတစ်ဦးက MPA ကို ပြောသည်။

ထိုသို့ တွန်းဇံမြို့နယ်တွင် ဘိန်းခင်းများ တွင်ကျယ်စွာ စိုက်ပျိုးလာမှုနှင့်အတူ တမူးမြို့နယ်မှ လူငယ်များ ဘိန်းစိုက်ခင်းများတွင် သွားရောက်အလုပ်လုပ်ကိုင်နေမှုများကြောင့် တမူးမြို့နယ် ကျေးရွာအချို့တွင် လယ်လုပ်ငန်းလုပ်ကိုင်မှု လျော့နည်းလာကြောင်း တိန်းကယားကျေးရွာ ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

“ရွာကလူငယ်တွေကတော့ ဘိန်းခင်းတွေကို သွားပြီး အလုပ်လုပ်ကြတယ်။ ဒီမှာနေလည်း ကြောက်ကြလို့ပါ ပေါ်တာဆွဲတော့။ တောင်သူတွေ ခက်နေပြီ။ လုပ်အားမရှိကြလို့ လယ်မလုပ်ကြတော့ဘူး” ဟု ၎င်းက MPA ကို ပြောသည်။

ယခင်က ခမ်းပါတ်မြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများတွင် လယ်ယာနှင့် နာနတ်စိုက်ခင်းများကို တွင်ကျယ်စွာ စိုက်ပျိုးခဲ့ကြသော်လည်း ယခုအခါ နာနတ်ဈေးမကောင်းခြင်း၊ ဂိတ်ကြေးများစွာ ပေးဆောင်ရခြင်း၊ နာနတ်စိုက်ခင်းများအတွင်း မိုင်းအန္တရာယ် ကြောက်ရခြင်းတို့ကြောင့် နာနတ်စိုက်သူ နည်းပါးလာပြီး ဘိန်းစိုက်ပျိုးရေးများတွင် ပိုမိုအားစိုက်လာကြောင်း သိရသည်။

လက်ရှိ တမူးမြို့နယ်တွင် ဒေသလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ဟုဆိုကာ ည (၁၀) နာရီမှ နံနက် (၄) နာရီအထိ ညမထွက်ရအမိန့်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ရှိ တမူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေး ဗဟိုအဖွဲ့မှ ဒီဇင်ဘာ ၂၃ ရက်နေ့တွင် ထုတ်ပြန်ထားပြီး တပ်သားသစ်စုဆောင်းရေး ပေါ်တာဆွဲမှုများကိုလည်း ခပ်စိပ်စိပ် လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။