စစ်ကိုင်းတိုင်း၊ရွှေဘိုခရိုင်စစ်ဌာနနယ်မြေအတွင်းရှိ ဂိတ်များအားလုံး ယနေ့မှစ၍ ပိတ်သိမ်းရန် အမှတ်တစ် ရွှေဘိုခရိုင်ကွပ်ကဲရေးအဖွဲ့က ညွှန်ကြားလိုက်သည်။
အမှတ်တစ်ရွှေဘိုခရိုင် စစ်ဌာနနယ်မြေအတွင်းရှိ PDF တပ်ရင်းများ၊ Local PDF များနှင့် ပကဖ များ ဖွင့်လှစ်ထားသည့် အလှူခံဂိတ်၊ မဲရောင်းဂိတ်၊ လမ်းပြုပြင်ရေးရန်ပုံငွေဂိတ်၊ စစ်ဆေးရေးဂိတ် စသည့် ဂိတ်များအားလုံးကို စနစ်တကျ စိစစ်မှုပြုလုပ်နိုင်ရန် ယနေ့(ဖေဖေါ်ဝါရီ၁၇ရက်)နောက်ဆုံးထား ပိတ် သိမ်းရမည်ဖြစ်ပြီး လိုက်နာခြင်းမရှိပါက ထိရောက်စွာ အရေးယူသွားမည်ဟု NUGကာကွယ်ရေးဝန် ကြီးဌာန၊အမှတ်တစ်ရွှေဘိုခရိုင်၊ ခရိုင်ကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်သည်။
“လုံခြုံရေးအရ ဂိတ်တွေ ဖွင့်တယ်ဆိုပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ငွေကောက်တဲ့ ဂိတ်တွေ လည်းရှိလာတယ်။ပြည်သူတွေက စစ်တပ်ဂိတ်တွေအပြင် တော်လှန်ရေးဂိတ်တွေမှာပါ ငွေပေးနေရ တော့ ပင်ပန်းတယ်။စစ်တပ်ကျတော့ ကြောက်လို့ မပြောရဲဘူး။PDFကျတော့ အထိုက်အလျောက် ပြောရဲတဲ့အခါကျတော့ မကျေနပ်တာတွေကို ပြည်သူတွေ ပြောလာကြရော”ဟု မုံရွာအခြေစိုက် နိုင်ငံ ရေးတက်ကြွလှုပ်ရှားသူတစ်ဦးက MPAသို့ ပြောသည်။
PDFတပ်ရင်းများ၊ Local PDF များနှင့် ပကဖ များအနေနှင့် လက်နက်ခဲယမ်းလိုအပ်ချက်ရှိပါက သက် ဆိုင်ရာ အထက်အဆင့်ဆင့်သို့ တင်ပြတောင်းခံကြရန်နှင့် ပြည်သူကို ဝန်ထုပ်ဝန်ပိုးဖြစ်စေမည့် တရား မဝင်ဂိတ်ဖွင့်၍ ငွေကြေးကောက်ခံခြင်း၊ ရပ်ရွာပြည်သူတို့ထံ ခွဲတမ်းပစ်ခြင်း စသည့် နည်းလမ်းများအ သုံးပြု၍ လက်နက်ခဲယမ်းအတွက် ရန်ပုံငွေရှာဖွေခြင်းများ ရှောင်ကြဉ်ကြရန် ခရိုင်ကွပ်ကဲရေးအဖွဲ့က ညွှန်ကြားသည်။
“တပ်ဖွဲ့တွေရဲ့ လက်နက်ခဲယမ်းလိုအပ်ချက်တွေကို အမှန်တကယ်ရော ဖြည့်ဆည်းနိုင်သလားဆိုတဲ့ မေးခွန်းရှိတယ်။ရာနှုန်းပြည့်မဟုတ်တောင် အထိုင်အလိုက်ဖြည့်ဆည်းနိုင်ရင် ဂိတ်ဖွင့်ငွေကောက်တဲ့ ပြဿနာ ကင်းသွားနိုင်တယ်”ဟု မုံရွာအခြေစိုက် တက်ကြွလှုပ်ရှားသူက ပြောသည်။
ယင်းသို့ ဂိတ်များပိတ်ရန် ညွှန်ကြားခြင်းသည် စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရ ဖွဲ့စည်း လိုက်ခြင်း၏ အကျိုးဆက်ဟု မြင်ကြောင်း ၎င်းက ပြောသည်။
“တည့်တည့်ပြောရရင် ပြည်သူတွေက ဒီပဲယင်းမှ မဟုတ်ဘူး။စစ်ကိုင်းတိုင်းတစ်ခုလုံးရော တစ်နိုင်ငံ လုံးက ငွေကောက်နေတဲ့ PDF ဂိတ်တွေကို မရှိစေချင်ဘူး။အခု ထုတ်ပြန်ချက်တွေက စစ်ကိုင်း တိုင်းကြားကာလအစိုးရဖွဲ့စည်းလိုက်ခြင်းရဲ့ နောက်ဆက်တွဲရလဒ်လို့ထင်တယ်။စစ်ကိုင်းတိုင်းထဲက တခြားမြို့နယ်တွေမှာလည်း လုပ်ဖို့လိုမယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
ဒီပဲယင်းမြို့နယ်ပကဖကလည်း ယနေ့မှစ၍ ဒီပဲယင်းမြို့နယ်အတွင်း ပကဖများဖွင့်လှစ်ထားသည့် စစ်ဆေးရေးဂိတ်နှင့် လုံခြုံရေးဂိတ်များအား လုံး ကို ပိတ်ရန် ဖေဖေါ်ဝါရီ၁၆ရက်ညနေပိုင်းက ထုတ် ပြန်ထားသည်။
အကယ်၍ ဒီပဲယင်းမြို့နယ်အတွင်း ကိုယ့်သဘောနှင့်ကိုယ် ဂိတ်များဆက်ဖွင့်ထားပါက ဂိတ်ဖွင့်သူ၏ တာဝန်သာဖြစ်ကြောင်း ဒီပဲယင်းမြို့နယ်ပကဖ ကထုတ်ပြန်ထားသည်။
ယင်း ဂိတ်များပိတ်ရန် ထုတ်ပြန်ခြင်းနှင့် ပတ်သက်၍ ဒီပဲယင်းပကဖထံ ဆက်သွယ်မေးမြန်းထား သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရကို ၂၀၂၅ခုနှစ်၊ဒီဇင်ဘာလကုန်ပိုင်းတွင် ဖွဲ့စည်းခဲ့ပြီး ဝန်ကြီးချုပ်မှာ ဦးစိုးဦးဖြစ်သည်။
