အစောဆုံးအသုတ် စစ်မှုထမ်းတပ်သားများ သေသလား၊ ရှင်သလားကိုပင် မသိသည့် မိသားစုများ

ဓာတ်ပုံ-စစ်ကော်မရှင် လက်အောက်ခံ မီဒီယာ
ပုံစာ-စစ်မှုထမ်းတပ်သားများကို စစ်အသုံးအဆောင်များ ဝေနေစဉ်။(ပုံဟောင်း)

စစ်မှုထမ်းသတ်မှတ်ကာလ ၂နှစ်ပြည့်တော့မည့်အချိန်ထိတိုင် စစ်မှုထမ်းပါသွားသည့် အစောဆုံး အသုတ်များမှ လူငယ်များ သေသလား၊ရှင်သလားပင် မသိသည့် မိသားစုများကြောင်း မွန်ပြည်နယ်အတွင်းရှိ ဒေသခံအချို့ထံက သိရသည်။

စစ်မှုထမ်းဥပဒေအရ တာဝန်ထမ်းဆောင်ရမည့်သက်တမ်းသည် ၂နှစ်ဖြစ်ပြီး စစ်မှုထမ်းအပတ်စဉ် တစ်ကို ၂၀၂၄ခုနှစ်၊ဧပြီ၈ရက်တွင် စတင်ဖွင့်လှစ်ခဲ့သဖြင့် မကြာမီ သက်တမ်းပြည့်တော့မည်ဖြစ် သော်လည်း မိသားစုများက အဆက်အသွယ်မရကြကြောင်း မွန်ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့နှင့် နီး စပ်သူတစ်ဦးထံက သိရသည်။

“သေချာပြောနိုင်တာက စစ်မှုထမ်းအပတ်စဉ် ၁၊၂၊ ၃ အသုတ်တွေထဲ ပါသွားတဲ့ မော်လမြိုင်၊ ချောင်း ဆုံနဲ့ ပေါင်ဘက်ကလူငယ်တွေ သူတို့မိသားစုတွေနဲ့ အဆက်အသွယ်မရကြတာ ကြာပြီ။သင်တန်း ဆင်းခါစမှာ ဖုန်းအဆက်အသွယ်ရသေးတယ်။အဲဒီနောက်ပိုင်း လုံးဝမရတော့ဘူး”ဟု ၎င်းက MPA သို့ ပြောသည်။

စစ်မှုထမ်းကာလကို စစ်မှုထမ်းသင်တန်းစတင်တက်သည့်ရက်မှ စတင်ရေတွက်သည်ဟု စစ်မှုထမ်း နည်းဥပဒေတွင် ဖော်ပြထားသဖြင့် အပတ်စဉ်တစ် တက်ရောက်ခဲ့သူများသည် ၂၀၂၆ခုနှစ်၊ဧပြီ၈ရက် ၌ သတ်မှတ်သက်တမ်းပြည့်ပြီဖြစ်သည်။

“အပတ်စဉ်၁နဲ့၂မှာ ကျနော်တို့ချောင်းဆုံကနေ စစ်မှုထမ်းလိုက်ခ သိန်း၃၀လောက်ရလို့ လိုက်သွား တာ ၁၅ယောက်ကျော်ရှိတယ်။သင်တန်းဆင်းပြီးတော့ သူတို့တာဝန်ကျတဲ့နေရာကနေ ဖုန်းတစ်ခါ၊ ၂ခါ ဆက်တယ်။ပြီးတော့ ဒီနေ့ထိ လုံးဝအဆက်အသွယ်မရတော့ဘူး။စစ်တပ်ကလည်း သေသွားသ လား၊ခြေပြတ်လက်ပြတ်ဖြစ်သလားဆိုတာလည်း အကြောင်းမကြားဘူး။မိသားစုတွေကတော့ သေ ပြီလို့ပဲ သတ်မှတ်ထားကြတယ်”ဟု ချောင်းဆုံရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူတစ်ဦးက ပြော သည်။

စစ်မှုထမ်းသင်တန်းဆင်းပါက မိမိတို့ရပ်ရွာ၌သာ တာဝန်ပြန်ချပေးမည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် အောင်ကြည်သိန်းက ပြောသည့် စကားကို ယုံကာ ချောင်းဆုံသားများ စစ်မှုထမ်းထဲ လိုက်သွားကြ ခြင်းဖြစ်ပြီး သင်တန်းဆင်းသည်နှင့် စစ်ရေးပြင်းထန်နေသည့် ရခိုင်၊ထားဝယ်၊စစ်ကိုင်းနှင့် ကရင်နီ ဒေသတို့သို့ ပို့ဆောင်ခံရကြောင်း ၎င်းက ဆိုသည်။

တာဝန်ထမ်းဆောင်နေစဉ် သေဆုံး၊ဒဏ်ရာရပါက စစ်မှုထမ်းစည်းမျဉ်းများနှင့်အညီ အကျိုးခံစားခွင့် ပေးမည်ဟု စစ်မှုထမ်းနည်ဥပဒေတွင် ပြဌာန်းထားသော်လည်း စစ်တပ်က အကြောင်းကြားခြင်းမရှိ ကြောင်း မွန်ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူက ဆိုသည်။

“လျော်ကြေးမပေးချင်တာလည်း ပါမယ်။နောက်တစ်ချက်က အဖက်လုပ်အကြောင်းမကြားနိုင်ဘူးဆို တဲ့ လူကိုလူလို အသိအမှတ်မပြုတာလည်း ပါမယ်ထင်တယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
ယခုရက်ပိုင်းအတွင် စစ်မှုထမ်းသင်တန်း အပတ်စဉ် ၂၂ကို ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။