ကျောက်တော် ကိုယ်ပိုင်အထက်တန်းကျောင်းရှေ့ သန်းခေါင်ကျော်အချိန် စစ်တပ် ဗုံးကြဲ ၊ ‌ကျောင်းသူ/သားနှင့် ကလေး စုစုပေါင်း ၁၈ ဦးသေဆုံးပြီး ၂၀ ကျော် ပြင်းထန်ဒဏ်ရာရ

ဓာတ်ပုံ - အာရက္ခမင်းသမီး မီဒီယာ။ ပုံစာ - သရက်တပင်ရွာ ကိုယ်ပိုင်အထက်တန်း ကျောင်းရှေ့ ဗုံးကြဲခံရမှု မြင်ကွင်း။

By Hsu Yee/MPA

ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့နယ်ရှိ ကိုယ်ပိုင်အထက်တန်းကျောင်းရှေ့သို့ စစ်တပ်ကြဲချသည့် ဗုံး ကျရောက်ခဲ့ရာ ကျောင်းသူ/သားများနှင့် ကလေးငယ်အချို့အပါအဝင် စုစုပေါင်း ၁၈ဦး သေဆုံးကာ ၂၀ ကျော်ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယနေ့(စက်တင်ဘာ ၁၂ ရက်) နံနက် ၁ နာရီ ၅ မိနစ်ခန့်တွင် ကျောက်တော်မြို့နယ်၊သရက်တပင် ရွာရှိ ပညာပန်းခင်း ကိုယ်ပိုင်အထက်တန်းကျောင်းရှေ့တည့်တည့်သို့ စစ်တပ်က လေကြောင်းမှ ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချခဲ့ခြင်းဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA က သတင်းထုတ်ပြန်သည်။

“စစ်ကောင်စီရဲ့ အကြမ်းဖက်စိတ်နဲ့ စစ်ရှုံးမှုကြောင့် ပိုလို့ ရက်စက် ကြမ်းကြုတ်ပြတာလည်း ဖြစ်တယ်။အဓိက ကျောင်းသား၊ ကျောင်းသူတွေ များပါတယ်။ကျား၊ မ မကွဲသေးဘူး။ ခွဲနေတုန်းပဲ ရှိသေးတယ်။ ၄ ဆောင်ထက်မနည်း ပျက်စီးတယ်”ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသူ ကိုဝေဟင်အောင်က MPA သို့ပြောသည်။

ဒဏ်ရာရရှိသူများထဲတွင် ပြင်းထန်သည့်သူများရှိသောကြောင့် သေဆုံးသူဦး‌ရေထပ်မံ တိုးလာနိုင် ကြောင်းလည်း သိရသည်။

ယခုဖြစ်စဉ်ကြောင့် သရက်တပင်‌ရွာမှ ပြည်သူများ ဘေးလွတ်ရာသို့ စစ်ရှောင်နေကြကြောင်းလည်း သိရသည်။

စာတည်း-ML