တရုတ်နိုင်ငံကမ်းလွန်တွင် စင်ကာပူမှတ်ပုံတင် ကုန်တင်သင်္ဘော မီးလောင်မှုဖြစ်ပွားပြီး မြန်မာသင်္ဘောသား ၂ ဦး သေဆုံး

ဓာတ်ပုံ - VESSELFINDER.COM
ပုံစာ - MANDY ကုန်တင်သင်္ဘော

စင်ကာပူမှတ်ပုံတင်ထားသော ကုန်တင်သင်္ဘော (Bulk Carrier) တစ်စင်း ဖေဖော်ဝါရီလ ၁၇ ရက် က တရုတ်နိုင်ငံကမ်းလွန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ သင်္ဘောပေါ်ပါရှိသည့် မြန်မာသင်္ဘောသား ၂ ဦး သေဆုံးခဲ့သည်။

အခြားသော သင်္ဘောသားတစ်ဦးကိုမူ ထပ်မံကုသမှုခံယူနိုင်ရန်အတွက် ကမ်းခြေရှိ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း စင်ကာပူရေကြောင်းနှင့် ဆိပ်ကမ်း အာဏာပိုင် (MPA) က ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

အဆိုပါသင်္ဘောပေါ်တွင် မြန်မာသင်္ဘောသား ၂၅ ဦး လိုက်ပါလာပြီး စင်ကာပူနိုင်ငံသားတစ်ဦးမျှ ပါဝင်ခြင်းမရှိကြောင်း MPA က ပြောကြားသည်။

စင်ကာပူစံတော်ချိန် ည ၇ နာရီ ၃၅ မိနစ်ခန့်တွင် MANDY အမည်ရှိ အဆိုပါကုန်တင်သင်္ဘော၏ စက်ခန်းအတွင်း မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးကို ငြှိမ်းသတ်နိုင်ခဲ့သည်။

သင်္ဘောကုမ္ပဏီအနေဖြင့် အဆိုပါသင်္ဘောကို တရုတ်နိုင်ငံ၊ ယန်ထိုင် (Yantai) ဆိပ်ကမ်းသို့ ဆွဲယူရန် စီစဉ်နေပြီး ပတ်ဝန်းကျင်ညစ်ညမ်းမှု တစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိကြောင်း၊ လိုအပ်သည့် အကူအညီများ ပေးအပ်နိုင်ရန်အတွက် သက်ဆိုင်ရာကုမ္ပဏီနှင့် တရုတ်အာဏာပိုင်များထံ ဆက်သွယ်ဆောင်ရွက်နေကြောင်း MPA က ထုတ်ပြန်ခဲ့သည်။