စစ်ကော်မရှင်တပ်က ပုလဲမြို့နယ်အပါအဝင် ချင်းတွင်းမြစ်အနောက်ဘက်ကမ်းတစ်လျှောက်ကို အင်အားဖြည့်တင်းမှုများ ပြုလုပ်နေကြောင်း ယင်းမာပင်ခရိုင် ပကဖနှင့် ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရှိရသည်။
“စစ်တပ်က မြစ်အနောက်ဘက်ကို တပ်ဖြန့်လာတာ ရှိပါတယ်။ ဖေဖော်ဝါရီ ၁၇ ရက်ကတည်းက အင်အား ၂၀၀ ခန့်က ခြောက်ဘီးကားကြီး ခြောက်စီးနဲ့ ဝမ်ပေါင်ဘက်ကို ဝင်ထားတာရှိတယ်။ မနေ့ကနဲ့ ဒီနေ့ထိ Mi17 ဆယ်စီးနဲ့ ပုလဲမြို့ပေါ်ကို ဆင်းသက်ပြီးတော့မှ လူသူလက်နက်အင်အား ပေးပို့တာ ရှိတယ်။ ပြီးတော့ ဆားလင်းကြီးဘက်မှာ အင်အားနှစ်ရာကျော်နဲ့ ပုလဲမြို့ဘက်မှာ အင်အား ၃၀၀ ကျော် စုစုပေါင်း အင်အား ၅၀၀ ကျော်ခန့် တပ်ဖြန့်ထားတာရှိပါတယ်ဗျ” ဟု ယင်းမာပင်ခရိုင် ပကဖမှ တာဝန်ရှိသူတစ်ဦးက MPA သို့ အတည်ပြု ပြောဆိုသည်။
လက်ရှိတွင် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကော်မရှင်တပ်တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမျိုး မရှိသေးသော်လည်း၊ အချိန်မရွေး တိုက်ပွဲများ ဖြစ်ပွားလာနိုင်သည့်အတွက် ဒေသခံများအနေဖြင့် စစ်ရေးသတိနှင့် နေထိုင်ကြရန်လည်း ယင်းမာပင်ခရိုင် ပကဖက တိုက်တွန်းထားသည်။
ယနေ့( ဖေဖော်ဝါရီ ၁၉ ရက်)၊ နံနက်ပိုင်းတွင်လည်း မုံရွာမြို့ဘက်မှ အင်အား ထောင်ဂဏန်းဝန်းကျင်ခန့်မှာလည်း ညောင်ပင်ကြီးဇတ်ဆိပ်မှတစ်ဆင့် ချင်းတွင်းမြစ်အနောက်ဘက်ကမ်းသို့ ဝင်ရောက်ကာ အင်အားတပ်ဖြန့်နိုင်သည်ဟုလည်း သတင်းများ ထွက်ပေါ်လျက်ရှိနေသည်။
“ညောင်ပင်ကြီးနဲ့ မုံရွာက မြစ်ဘဲခြားတာ။ မုံရွာကနေ ညောင်ပင်ကြီး၊ ညောင်ပင်ကြီးကနေ ဝမ်ပေါင်ထဲဝင်၊ ဝမ်ပေါင်ကနေ ဆားလင်းကြီး၊ ယင်းမာပင်၊ ပုလဲ၊ ဖိုလ်ဝင်တောင်၊ ကနီမြို့နယ်တွေပေါ့။ မြစ်အနောက်ဘက်တစ်ကြောလုံးကတော့ အကုန်ပါတယ်” ဟု မြေပြင်အခြေအနေသိရှိသူ အမျိုးသားတစ်ဦးက ဆိုသည်။
ထို့ပြင် ယနေ့နံနက်ပိုင်းတွင် ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာ၌ ဗိုလ်နဂါး၏ တပ်ဖွဲ့ဝင် ၁၅ ဦးနှင့် ပုလဲမြို့ပေါ်တွင် ၅ ဦး စစ်ကော်မရှင်တပ်ထံသို့ လက်နက်ချအညံ့ခံခဲ့ကြောင်း ဒေသခံအချို့၏ ဖြေကြားချက်အရ သိရှိရသော်လည်း MPA အနေဖြင့် အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းလျက်ရှိနေသည်။
“စစ်ကြောင်းအဟောင်းတွေက အရင်ကလို လျှောက်သွားနေတာတွေတော့ ရှိသေးတယ်၊ အခုထိထွက်တာမကြားသေးဘူး။ အင်အားအများစုကတော့ ပုလဲမြို့ပေါ်မှာ ရှိနေတာပေါ့။ စစ်တပ်ဘက်က ပုလဲမြို့နယ်ထဲမှာတင် အင်အားပိုတောင့်လာတာ။ ဒီနေ့လယ် ပုလဲမြို့ကနေ ထွက်လာတဲ့ အင်အား ၂၀၀ က မြကုန်းရွာ ရောက်နေပါပြီ။ ပြည်သူတွေကတော့ ဘယ်ချိန်ဘာဖြစ်မှန်းမသိတော့ ကျီးလန့်စာစားနေရသလိုပဲ” ဟု ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာသားတစ်ဦးက ဆိုသည်။
ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ခေါင်းဆောင် ဗိုလ်နဂါး စစ်တပ်နှင့် ပူးပေါင်းသွားပြီးနောက် ပုလဲနယ်အတွင်းရှိ ပြည်သူနှင့် တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် စိုးရိမ်ချက်များ မြင့်တက်လျက်ရှိနေပြီး၊ BNRA တပ်ဖွဲ့အတွင်းရေးမှူးနှင့် စစ်ရေးတာဝန်ခံတို့ကိုလည်း NUG လက်အောက်ခံတပ်များက စစ်ကြောင်းထိုးရှာဖွေလျက်ရှိနေကြောင်း သိရသည်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်မှစ၍ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) လက်အောက်ခံ တပ်ရင်းများနှင့် BNRA တပ်များကြား လေးနာရီခန့်အကြာအထိ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက်၊ ဖေဖော်ဝါရီ ၁၈ ရက်တွင် စစ်ကော်မရှင်တပ်ထံသို့ ဗိုလ်နဂါးက လက်နက်ချခဲ့ခြင်း ဖြစ်သည်။
