ဖိလစ်ပိုင်တွင် ယနေ့ ဖေဖော်ဝါရီ ၁၉ ရက် ညနေပိုင်းက Kanlaon မီးတောင် ပြင်းထန်စွာပေါက်ကွဲခဲ့ရာတွင် နီဂရိုးစ် အိုစီဒန်တယ် ပြည်နယ်၊ လာကာလိုတာမြို့ရှိ အာရယ် ကျေးရွာတွင် မီးတောင်ပြာများ ဖုံးလွှမ်းနေသည့် မီးခိုးလုံးကြီးများကို မြင်တွေ့ခဲ့ရသည်။
နိုင်ငံတော် မီးတောင်နှင့် ငလျင်ဗေဒဌာန (Phivolcs) ညွှန်ကြားရေးမှူး ဒေါက်တာ တီရီစီတိုဘာကိုလ်ကိုလ်က ဒေသန္တရအာဏာပိုင်များသည် ဒေသခံပြည်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနေကြောင်း ပြောကြား သည်။
“လောလောဆယ်မှာတော့ မီးတောင်ရဲ့ ၄ ကီလိုမီတာ အချင်းဝက်အတွင်းရှိတဲ့ အမြဲတမ်းအန္တရာယ်ရှိဇုန်ထဲက လူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းခိုင်းထားပါတယ်” ဟု ဘာကိုလ်ကိုလ်က ဆိုသည်။
တရားဝင်ထုတ်ပြန်ချက်များအရ Kanlaon မီးတောင်သည် မွန်းလွဲ ၄ နာရီ ၃၈ မိနစ်တွင် ပြင်းထန်စွာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်စဉ်မှာ နှစ်မိနစ်ခန့် ကြာမြင့်ခဲ့ကြောင်း Phivolcs က ဆိုသည်။
အဆိုပါပေါက်ကွဲမှုကြောင့် မီးတောင်ဝမှ အမြင့် ၂,၀၀၀ မီတာအထိ မြင့်တက်သွားသော မီးခိုးရောင်ရင့်ရင့် အခိုးအငွေ့များနှင့် ပြာလုံးကြီးများ ထွက်ပေါ်လာခဲ့ပြီး အနောက်တောင်ဘက်သို့ လွင့်ပါးသွားခဲ့သည်။
လက်ရှိတွင် Kanlaon မီးတောင်အား သတိပေးချက် အဆင့် ၂ (Alert Level 2) အဖြစ် ဆက်လက်သတ်မှတ်ထားသည်။
အဆိုပါမီးတောင်သည် ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့က မီးတောင်ထိပ်ဝတွင် အသေးစားပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း လှုပ်ရှားမှုများ တဖြည်းဖြည်း မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် မီးတောင်ပြာများ ထွက်ရှိခဲ့သလို၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင်လည်း အလွန်ပူပြင်းသော အခိုးအငွေ့များ ထွက်ပေါ်ခဲ့သည်။
