ရခိုင်ကမြို့နယ်တချို့ကို ယခုရက်ပိုင်းအတွင်း စစ်ကော်မရှင် ဗုံးကြဲတိုက်ခိုက်မှု အရပ်သား ငါးဦးသေဆုံး

ဓာတ်ပုံ-ပေးပို့
ပုံစာ- ဗုံးကြဲခံရသည့် သရက်ချိုကျေးရွာ ဈေးတန်းနှင့် အဆောက်အဦးတချို့ကို ‌တွေ့ရစဉ်။

အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားသည့် ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲမြို့နယ်နှင့် တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည့် ကျောက်ဖြူမြို့နယ်ရှိ ကျေးရွာတချို့ကို စစ်ကော်မရှင်က ယခုရက်ပိုင်းအတွင်း လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နှင့် ၁၉ ရက်တို့တွင် ဂျက်ဖိုက်တာနှင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိုတိုက်ခိုက်မှုအတွင်း အရပ်သား ငါးဦးအထိ သေဆုံးခဲ့ရသလို ဒဏ်ရာရရှိသူများလည်း ရှိနေကြောင်း သိရသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၁၉ရက်) နံနက် ၁၁ နာရီခန့်က ရမ်းဗြဲမြို့နယ်၊ လေးတောင်တိုက်နယ်ရှိ သရက်ချိုကျေးရွာကို စစ်ကော်မရှင်က ဂျက်ဖိုက်တာ နှစ်စင်းနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဆိုပါတိုက်ခိုက်မှုအတွင်း အရပ်သား သုံးဦး သေဆုံးခဲ့ကြောင်း ဒေသခံများ၏ အဆိုအရ သိရသည်။

အလားတူ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ် မီးကျောင်းရေသောက်ကျေးရွာကို စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဆိုပါတိုက်ခိုက်မှုအတွင်း အရပ်သားအမျိုးသမီး နှစ်ဦး သေဆုံးခဲ့သည်။

ကျောက်ဖြူနယ်အတွင်းရှိ ဒေသခံတစ်ဦးက “မီးကျောင်းရေသောက်ကိုတော့ ၁၇ ရက်နေ့ ညဘက် ၁၁ နာရီလောက်က ကြားလိုက်ရတယ်။ အဲဒီမှာ နှစ်ယောက်ဆုံးတယ်။ ဒဏ်ရာရတဲ့ဟာကတော့ သေချာမရသေးဘူး” ဟု ပြောသည်။

ကျောက်ဖြူတွင် စစ်ရေးအရ အထိနာနေသည့် စစ်ကော်မရှင်သည် ယင်းမြို့နယ်အတွင်း နေရာအနှံ့အပြားကို နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေပြီး ယခုရက်ပိုင်း ရမ်းဗြဲမြို့နယ်ကိုပါ ဗုံးကြဲလာခြင်းဖြစ်သည်။

ရမ်းဗြဲ လေးတောင်တိုက်နယ်က သရက်ချိုကျေးရွာကို စစ်ကော်မရှင်က ဂျက်ဖိုက်တာ နှစ်စင်းနှင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အင်တာနက်နှင့် ဖုန်းလိုင်းအခက်အခဲကြောင့် သေဆုံးဒဏ်ရာရရှိသွားသူများ၏ အသေးစိတ်အချက်အလက်များကို မသိရသေးကြောင်း ဒေသတွင်း လူမှုရေးလုပ်ငန်း လုပ်ကိုင်နေသည့် အမျိုးသားတစ်ဦးက MPA သို့ ပြောသည်။

“ရဲစခန်းဟောင်း၊ ဈေးနဲ့ ဆေးရုံအနီးဝန်းကျင်တွေကို ကြဲချခဲ့တာလို့ သိရတယ်။ သေဆုံးသွားသူတွေရဲ့ အသေးစိတ်အချက်အလက်တော့ မသိရသေးဘူး။ ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်လို့ ကြားတယ်” ဟု အဆိုပါ အမျိုးသားက ပြောသည်။

ရမ်းဗြဲမြို့ကို ဗုံးကြဲရာတွင် ရဲစခန်းကို သုံးလုံး၊ ဆေးရုံအနီးကို တစ်လုံးနှင့် ဈေးအနီးကို တစ်လုံး စုစုပေါင်း ငါးလုံး ကြဲချခဲ့ခြင်းဖြစ်ပြီး ထိုတိုက်ခိုက်မှုအတွင်း အမျိုးသား နှစ်ဦးနှင့် အသက်ကြီးပိုင်း အမျိုးသမီးလည်း သေဆုံးခဲ့ကြောင်း နောက်ထပ် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“ကျမ သိရသလောက်ကတော့ ဗုံးကြဲတဲ့အထဲမှာ နှစ်ယောက်ဆုံးတယ်။ ပြီးတော့ ဗုံးကြဲသံကြားလို့ နှလုံးရပ်ပြီး အဖွားအိုတစ်ယောက်လည်း ဆုံးသွားတယ်လို့ ပြောတယ်။ ဒဏ်ရာရတဲ့လူကတော့ လေးယောက်လောက် ရှိတယ်လို့ ပြောတယ်” ဟု ၎င်းက ပြောသည်။

ယင်းအပြင် သရက်ချိုကျေးရွာမှ ဒေါ်မြစန်းဝင်း၊ ဦးသိန်းဖေနှင့် တခြားလူအိမ်တချို့လည်း ပျက်စီးဆုံးရှုံးခဲ့ရပြီး ဈေးဆိုင်တန်းအချို့လည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ရမ်းဗြဲမြို့နယ်တစ်ခုလုံးကို အာရက္ခတပ်တော် (AA) က ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မတ်လ ၁၁ ရက်တွင် အပြီးသတ် သိမ်းပိုက်ထိန်းချုပ်ခဲ့ခြင်းဖြစ်သည်။