မန္တလေးတိုင်း ၊ သာစည်မြို့နယ်တွင် ပျူစောထီးမ ဦးဆောင်ကာ လူငယ် ၃ ဦးကို အိမ်ပေါ်ထိတက်၍ ပေါ်တာဆွဲခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၉ ရက်၊ ည ၁၀ နာရီခန့်တွင် သာစည်မြို့နယ် ၊လေသာကုန်းကျေးရွာမှ အသက် ၁၈ နှစ်အောက် လူငယ်တစ်ဦးအပါအဝင် လူငယ် ၃ ဦးကို အလယ်ကန်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပျူစောထီး ခေါင်းဆောင် မိမော်က ဦးဆောင်ကာစစ်သားနှင့် ပျူစောထီးများက နေအိမ်ပေါ်ထိ တက်ကာ ဖမ်းဆီးသွားကြောင်း Voice of Wundwin က သတင်းထုတ်ပြန်သည်။
“လာတာက အလယ် ကန်ဘက်က။ အလယ်ကန်မှာက တပ်စွဲထားတယ်လေ။ ပျူခေါင်းဆောင် မိမော်ဆီမှာ။ ကားနဲ့ စခ (စစ်သား) ၈ ကောင်ပါတယ်။ လက်နက်အပြည့်အစုံတွေနဲ့။အခုလက်ရှိ အဲဒီချောဆွဲခံရသူတွေကို သာ စည်ဘက်က တပ်တခုကိုဖြစ်မလား၊ ရဲစခန်းဖြစ်မလားပဲ ခေါ်သွား တယ်။ သူတို့ မိသားစုလည်းတတ်နိုင်သလောက်တော့ ကြိုးစားလိုက်နေကြတယ်”ဟု Voice of Wundwin မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ယင်းလူငယ် ၃ ဦးမှာ အသက်၁၇နှစ်အရွယ်ရှိ ကျောင်းသားတစ်ဦး၊ ၂၈နှစ်အရွယ်လူငယ်တစ်ဦးနှင့် ၃၆ နှစ်အရွယ်တစ်ဦးတို့ဖြစ်ပြီး ၎င်းတို့ကို ညတွင်းချင်း သာစည်မြို့ဘက်သို့ ခေါ်ဆောင်သွားပြီး ယနေ့ (ဖေဖော်ဝါရီ ၂၀ ရက်) မွန်းလွဲပိုင်းအထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးပေ။
အလယ်ကန်ကျေးရွာသည် သာစည်-ဝမ်းတွင်း-မြစ်သား ခရိုင်ချင်းဆက်လမ်းပေါ်တွင်ရှိပြီး လေသာ ကုန်းကျေးရွာနှင့် တစ်မိုင်ခန့်သာဝေးသည်။
