ပြည်သူများနှင့် CDMများကို အလေးထားသဖြင့် ဒေါ်ကြည်ပြာအမှု သတင်းစာရှင်းလင်းပွဲကို အမြန်ဆုံးစီစဉ်ခြင်းဖြစ်ကြောင်း NUGဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောသည်။
ယနေ့ ( ဖေဖော်ဝါရီ ၂၁ရက် ) မွန်းလွဲ ၁နာရီတွင် ကျင်းပသည့် ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနှင့် ခင်ပွန်းဖြစ်သူတို့အား တိုင်ကြားမှုဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ဒေါက်တာဇော်ဝေစိုးက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
” ကျနော်တို့ သတင်းစာရှင်းလင်းပွဲလုပ်တဲ့ ရည်ရွယ်ချက်ကိုက ဒါလည်းပါပါတယ်။ CDM တွေက ဒီနေ့ တော်လှန်ရေးမှာ အရေးကြီးတဲ့ ကဏ္ဍက တပ်ဦးက ပါဝင်နေတာဖြစ်ပါတယ်။ CDM တွေရဲ့ အားနဲ့ တော်လှန်ရေးစခဲ့တာဖြစ်ပါတယ်။ တော်လှန်ရေး ဒီနေရာအထိ ရောက်ခဲ့တာဖြစ်တယ်။ ဒါ့အပြင် CDM တွေရဲ့ စွန့်လွှတ်မှု၊ ပေးဆပ်မှုတွေနဲ့ ပါဝင်နေတာဖြစ်တယ်။ CDM တွေမရှိရင် ကျနော် တို့ ဝန်ကြီးဌာနတွေ လည်ပတ်ဖို့ မဖြစ်နိုင်သလို၊ NUG လည်ပတ်ဖို့လည်း မဖြစ်နိုင်ပါဘူး ” ဟု ဒေါက် တာဇော်ဝေစိုးက ပြောသည်။
တော်လှန်ရေးတွင် NUG ပြိုလဲ၍ မရသလို CDM များလည်း ပြိုလဲ၍ မရသဖြင့် အထူးအလေးထား ကြောင်းလည်း ၎င်းကပြောသည်။
” CDM ၊ NUG ရယ်နဲ့ တော်လှန်ရေးဟာ တသားတည်းဖြစ်တယ်လို့ ကျနော်အနေနဲ့ ဖြေချင်တယ်။ CDM တွေ ဘာကြောင့် CDM လုပ်ခဲ့ကြတာလဲ။ အမှန်တရားအတွက်၊ ဓမ္မအတွက် လုပ်ခဲ့ကြတာ ဖြစ် တယ်။ အမှန်တရားနဲ့ ဓမ္မကို ရရှိဖို့ ကျနော်တို့ CDM တွေနဲ့အတူတူ တသားတည်း ရပ်တည်သွား ပါမယ် ” ဟု ၎င်းက ဆက်လက်ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာကို ဝန်ထမ်း ဟောင်း ၁၂ ဦးက တိုင်ကြားခဲ့သည့် အမှုအပေါ် အပြစ်မရှိကြောင်း ဆုံးဖြတ်ချက်အား ဖေဖော်ဝါရီ ၁၈ရက်က တိုင်ကြားသူများထံ ပေးပို့ခဲ့သည်။
ယင်းဆုံးဖြတ်ချက်ပေးပို့သည့် အသိပေးစာမှာ လူမှုကွန်ရက်တွင် ပျံ့နှံ့လာပြီးနောက် ပြည်သူများ၏ ဝေဖန်မှုများကို ခံခဲ့ရသည့်အပြင် ၂၀၂၁ စစ်အာဏာသိမ်းစဉ်က CDMတွင် ပူးပေါင်းပါဝင်ခဲ့သည့် ဝန်ထမ်းများ၊ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့၊ လွတ်လပ်သော CDM နိုင်ငံ့ဝန်ထမ်းထုအဖွဲ့အစည်း၊ ဒို့ခေတ် ထောက်ပို့အဖွဲ့၊ တယ်လီကျန်းမာ စသည့် အဖွဲ့အစည်းများက အဆိုပါအမှုအပေါ် ပွင့်လင်းမြင်သာစွာ ဖြေရှင်းပေးမှု မရှိမချင်း ၎င်းတို့၏ တာဝန်များ၊ NUG နှင့် ပူးပေါင်းဆောင်ရွက်မှုများကို ရပ်နားထားမည်ဖြစ်ကြောင်း ကြေညာချက်များ ထုတ်ပြန်ထားသည်။
စာတည်း-ML
