ကျောက်တော်ဗုံးကြဲမှုကြောင့် ပုဂ္ဂလိကကျောင်း ၂ ‌ကျောင်းလုံးဝ ပျက်စီးသွာ

ဓာတ်ပုံ - Wai Hun Aung ပုံစာ - ဗုံးကြဲမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံများ။

By Hsu Yee / MPA

ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့နယ်တွင် စစ်တပ်ဗုံးကြဲမှုကြောင့် ပုဂ္ဂလိက အထက်တန်းကျောင်း ၂ ကျောင်းလုံးဝ ပျက်စီးသွားကြောင်း သိရသည်။

ယနေ့ (စက်တင်ဘာ ၁၂ ရက်) နံနက် ၁ နာရီ ၅ မိနစ်ခန့်တွင် စစ်တပ်ကြဲချခဲ့သည့် ပေါင် ၅၀၀ ဗုံး ၂ လုံးကြောင့် ပညာပန်းခင်း ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် ဘေးကပ်ရပ်ရှိ အမြင်သစ် ကိုယ်ပိုင်အထက်တန်းကျောင်း ၂ ကျောင်းလုံး လုံးဝ ပျက်စီးသွားခဲ့‌ပြီး အနီးဝန်းကျင်ရှိ အိမ် ၆ လုံးလည်း လုံးဝပျက်စီးခဲ့ကြောင်း စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်နေသူ တစ်ဦးထံမှ သိရသည်။

“(ကျောင်း ၂ ကျောင်း)ကပ်လျက်ပါ။ လူနေလို့ မရအောင် ပျက်သွားတာပါ၊ လုံးဝ ပျက်သွားတာပါ၊ ဘေးနား နောက်ထပ် ခေါင်းမိုးပေါက်၊ အကာ ပျက်တာတွေ မပါသေးဘူး” ဟု စစ်ဘေးရှောင် ကူညီပေးနေသူ စာရေးဆရာ ကိုဝေဟင်အောင်က MPA သို့ပြောသည်။

ထိခိုက်သေဆုံးမှုတွင် ပညာပန်းခင်း ကိုယ်ပိုင်အထက်တန်းကျောင်းမှ ၁၆ ဦးနှင့် အမြင်သစ် ကိုယ်ပိုင်အထက် တန်းကျောင်းမှ ၃ ဦးတို့ ပါဝင်ခဲ့ပြီး Grade 10 မှစ၍ Grade 12 အရွယ်ရှိ အမျိုးသား ၁၇ ဦးနှင့် အမျိုးသမီး၂ ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရရှိသူများတွင် အမျိုးသား ၁၅ ဦးနှင့် အမျိုးသမီး ၆ ဦးပါဝင်ပြီး ယင်းဒဏ်ရာရသူများထဲမှ ၆ ဦးမှာ စိတ်မချရသည့် အခြေအနေတွင် ရှိနေကြောင်း သိရသည်။

ယခုဖြစ်စဉ်ကြောင့် သရက်တပင်ရွာမှ ပြည်သူများ ဘေးလွတ်ရာသို့ စစ်ရှောင်နေကြကြောင်းလည်း သိရသည်။

ယနေ့ (စက်တင်ဘာ ၁၂ ရက်) နံနက် ၉ နာရီခန့်တွင် အာရက္ခတပ်တော် AA မှ သေဆုံးသူ ၁၈ ဦးနှင့် ပြင်းထန်ဒဏ်ရာရရှိသူ ၂၀ ကျော်ရှိကြောင်း ထုတ်ပြန်ခဲ့သေးသည်။

စာတည်း-ML