22 Feb 2026 By Ra Wai / MPA
နဂါးနှင့်အတူ လက်နက်ချသွားသူအချို့က BNRA တပ်ဖွဲ့ဝင်ဟောင်းများထံ ဖုန်းမှတစ်ဆင့်စာပို့ကာ စည်းရုံးနေကြောင်းသိရသည်။
ဖေဖော်ဝါရီ ၁၈ရက်က နဂါးနှင့်အဖွဲ့ စစ်တပ်ထံ လက်နက်ချသွားပြီးနောက် ပကဖ၊ ပအဖနှင့် ယင်းမာ ပင်ခရိုင်တပ်ရင်းများထံ ခိုလှုံနေကြသည့် BNRA ရဲဘော်ဟောင်းများကို ဖုန်းမှ ဆက်သွယ် စာပို့ကာ စည်းရုံးနေခြင်းဖြစ်ကြောင်း ယင်းမာပင်ခရိုင်တပ်ရင်းက PDF ရဲဘော်တစ်ဦးထံက သိရသည်။
” PDFတွေ၊ ပကဖတွေဆီကို လက်နက်မအပ်ဖို့။ ငါတို့လာခေါ်မယ်ပေါ့နော်။ ငါတို့ကို စောင့်နေဆိုပြီး တော့ message တွေတောက်လျှောက်ပို့နေတာ။ တချို့ကျနော်တို့ ဖုန်းပေးကိုင်တယ်ဆိုတာကလည်း သူတို့နဲ့ အထင်ကရ ရှိတဲ့ ပုဂ္ဂိုလ်တွေလောက် ဖုန်းပေးကိုင်တာပေါ့နော်။ သူတို့လာပြီးတော့ ဆက် သွယ်ကမ်းလှမ်းတဲ့အကြောင်းတွေ သိချင်လို့မို့ ဘယ်သူက ကမ်းလှမ်းလဲ သိချင်လို့မို့ ကျနော်တို့ ဖုန်းပေးကိုင်တာတွေ လုပ်ပါတယ်” ဟု ယင်းမာပင်ခရိုင်တပ်ရင်းတစ်ရင်းမှ PDF ရဲဘော်တစ်ဦးက MPA သို့ပြောသည်။
NUGတပ်ရင်းများထံသို့ ပူးပေါင်းလာသည့် BNRA ရဲဘော် ၁၅၀ကျော်ရှိကြောင်းသိရသည်။
” ဒီစစ်ဘက် ရှေ့မြေပြင်မှာ လက်နက်ကိုင်ပြီးဝောာ့ တပ်အသွင်နဲ့နေတဲ့ ရဲဘော်ကတော့ ၁၅၀၊ ၁၆၀လောက် ကျနော်တို့ဘက်ကို ပူးပေါင်းပြီးတော့ သက်ဆိုင်ရာ ပကဖ၊ ပအဖ PDF တပ်မှူးတွေထံမှာ အတူရှိပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
စစ်တပ်ထံ လက်နက်ချသွားသည့် အရေအတွက်ကိုမူ အတည်မပြုနိုင်သေးကြောင်း ၎င်းက ဆိုသည်။
စစ်တပ်သတင်းချန်နယ် မြဝတီက ဗိုလ်နဂါးသည် ၎င်း၏ မိသားစုဝင်များအပြင် BNRA ၁၃ဦးနှင့်အတူ လက်နက်ချခဲ့ကြောင်း ထုတ်ပြန်ထားသည်။
စာတည်း-ML
