မိုင်ဂျာယန်ဒေသကို စစ်တပ်ဗုံးကြဲမှု တရုတ်ခွင့်ပြုခြင်းကြောင့်ဟု စစ်လော်ဘီများ ထုတ်ဖော်ပြောကြားလာ

ဓာတ်ပုံ-လူမှုကွန်ရက်

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဌာနချုပ်အနီးရှိ မိုင်ဂျာယန်ဒေသကို စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့မှုသည် အိမ်နီးချင်း တရုတ်နိုင်ငံ၏ ခွင့်ပြုချက် (Pass) ရရှိပြီးမှ လုပ်ဆောင်ခြင်းဖြစ်သည်ဟု စစ်လော်ဘီများက ဝါဒဖြန့် ထုတ်ဖော်ပြောကြားလာသည်။

ဖေဖော်ဝါရီလ ၂၂ ရက် ညသန်းခေါင်ယံအချိန်တွင် မိုင်ဂျာယန်ဒေသ၊ ဘွမ်ကထောင်ကျေးရွာအတွင်းသို့ စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၇၅ နှစ်အရွယ် အဘိုးအိုတစ်ဦး သေဆုံးခဲ့ရပြီး အဆိုပါဖြစ်စဉ်အပေါ် စစ်တပ်ထောက်ခံသူများက လူမှုကွန်ရက်တွင် ထိုသို့ ရေးသားနေကြခြင်းဖြစ်သည်။

စစ်လော်ဘီများ၏ ရေးသားချက်များတွင် KIA အနေဖြင့် မြို့သိမ်းစစ်ဆင်ရေးများ ဖော်ဆောင်နေခြင်းကြောင့် တရုတ်ဘက်က လမ်းဖွင့်ပေးလိုက်ခြင်းဖြစ်ကြောင်းနှင့် ပြည်သူများအနေဖြင့် KIA နှင့် ဝေးဝေးနေကြရန် သတိပေးသည့် ပုံစံမျိုးဖြင့် ဝါဒဖြန့် ရေးသားထားသည်ကို တွေ့ရသည်။

ယခု ဗုံးကြဲခံရသည့် နေရာသည် KIO အုပ်ချုပ်နယ်မြေ ဗန်းမော်ခရိုင်၊ စင်လုံမြို့နယ်အရှေ့ပိုင်း၊ KIA တပ်မဟာ (၃) နယ်မြေအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားနေအိမ်များအပေါ် တိုက်ရိုက်ပစ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရေးလေ့လာသူတစ်ဦးက “စစ်လော်ဘီတွေက တရုတ်နဲ့ ပေါင်းပြီး လုပ်တာပါဆိုတဲ့ ပုံစံမျိုး သတင်းလွှင့်နေတာဟာ တော်လှန်ရေးအင်အားစုတွေနဲ့ အိမ်နီးချင်းနိုင်ငံကြား ရန်တိုက်ပေးချင်တဲ့ သဘောပဲ။ တရုတ်က သူ့နယ်စပ်နားမှာ ဒီလို ဗုံးသံကြားနေရတာကို တကယ်တမ်း သဘောကျမှာမဟုတ်ဘူး” ဟု သုံးသပ်သည်။

စစ်ရေးလေ့လာသူတစ်ဦးကမူ “စစ်ကော်မရှင်တပ်ဟာ မြေပြင်မှာ အထိနာနေလို့ လေကြောင်းကို အလွန်အကျွံ သုံးလာတာ။ ဗန်းမော်ဘက်မှာ ခလရ (၂၃၆) ရဲ့ ကာကင်းစခန်းကို KIA က သိမ်းလိုက်နိုင်တာကြောင့် အငြိုးအတေးနဲ့ မိုင်ဂျာယန်လို အရပ်သားဒေသကို ဗုံးကြဲတာဖြစ်နိုင်တယ်” ဟု ဆိုသည်။

စစ်ကော်မရှင်တပ်သည် ယခုရက်ပိုင်းအတွင်း KIA ဌာနချုပ် လိုင်ဇာအနီးအပါအဝင် တပ်မဟာ (၂)၊ (၃)၊ (၅)၊ (၈)၊ (၉) နှင့် (၁၁) နယ်မြေများကိုပါ လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲလျက်ရှိရာ စစ်ပွဲမရှိသည့်နေရာများပါ ပါဝင်နေသည်ဟု KIA ဘက်က ထုတ်ပြန်ထားသည်။

လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးက “အခုလို ညသန်းခေါင်မှာ အိပ်ပျော်နေတဲ့ သက်ကြီးရွယ်အိုတစ်ဦး သေဆုံးအောင် လုပ်တာဟာ ဘယ်လိုမှ ဆင်ခြေပေးလို့မရတဲ့ စစ်ရာဇဝတ်မှုပဲ။ စစ်လော်ဘီတွေက ဘယ်လိုပဲ အကြောင်းပြပြ ဒါဟာ ပြည်သူကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်မှုပဲ” ဟု ပြင်းပြင်းထန်ထန် ဝေဖန်သည်။

အခြားတစ်ဖက်တွင်လည်း KIA အနေဖြင့် ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးကို အရှိန်မြှင့်တင်နေပြီး ဖေဖော်ဝါရီလ ၂၁ ရက်တွင် စစ်ကော်မရှင်တပ်ဘက်မှ အကျအဆုံးများစွာဖြင့် စခန်းအချို့ လက်လွှတ်ခဲ့ရကြောင်း စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။

စစ်လော်ဘီများ၏ တရုတ်က Pass ပေးသည်ဆိုသော စကားရပ်သည် မြေပြင်စစ်ရှုံးနေမှုများကို ဖုံးကွယ်ရန်နှင့် တော်လှန်ရေးအင်အားစုများအကြား စိတ်ဓာတ်ပျက်ပြားစေရန် ရည်ရွယ်သည့် ဝါဒဖြန့်မှုသာဖြစ်ကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းက ရှုမြင်ကြသည်။

လက်ရှိတွင် ကချင်ပြည်နယ်အတွင်း၌ လေကြောင်းအန္တရာယ်ကြောင့် ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့်နေရပြီး စစ်ကော်မရှင်တပ်၏ ပစ်မှတ်မဲ့ တိုက်ခိုက်မှုများကြောင့် အရပ်သားထိခိုက်မှုနှုန်းမှာလည်း မြင့်တက်လာနေသည်။

သို့ဖြစ်ရာ မိုင်ဂျာယန်ဒေသ ဗုံးကြဲခံရမှုသည် စစ်ရေးအရ အသာစီးရလိုမှုထက် ပြည်သူကို ဓားစာခံလုပ်ကာ တော်လှန်ရေးအရှိန်ကို ဟန့်တားလိုသည့် စစ်ကော်မရှင်၏ ဗျူဟာမြောက် အကြမ်းဖက်မှုတစ်ခုဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။