ထိုင်းနိုင်ငံ၊ စီစခတ်ခရိုင်အတွင်း ကင်းလှည့်နေသည့် တပ်ဖွဲ့အနီးသို့ ယနေ့ ဖေဖော်ဝါရီ ၂၄ ရက်တွင် ကမ္ဘောဒီးယားဘက်မှ ၄၀ မီလီမီတာ လက်ပစ်ဗုံးတစ်လုံးဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ထိုင်းတော်ဝင်စစ်တပ်ကလည်း M79 လောင်ချာဖြင့် ပြန်လည်တုံ့ပြန်ခဲ့ကြောင်းနှင့် အဆိုပါဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဝင်းထိုင်း ဆုဝရီက ပြောကြားသည်။
ယနေ့ နံနက် ၈ နာရီ ၅၀ မိနစ်ခန့်တွင် စီစခတ် ခရိုင်၊ ဖလန်ဟင်းပတ်ကွန် (Phlan Hin Paet Kon) ဧရိယာအနီး၌ ထိုင်းတပ်ဖွဲ့ဝင်များ ပုံမှန်ကင်းလှည့်နေစဉ် ကမ္ဘောဒီးယားတပ်ဖွဲ့များက ယင်းကဲ့သို့ ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ဗိုလ်ချုပ် ဝင်းထိုင်းကဆိုသည်။
ယခုအခါ ထိုင်းစစ်တပ်က အခြေအနေကို အနီးကပ်စောင့်ကြည့်ရန်နှင့် တပ်ဖွဲ့ဝင်များနှင့် နယ်မြေလုံခြုံရေးကို ဆက်လက်အာမခံနိုင်ရန် အစီအမံများကို တိုးမြှင့်ဆောင်ရွက်ထားသည်။
ကမ္ဘောဒီးယား၏ ယခုလုပ်ရပ်သည် ဒီဇင်ဘာ ၂၇ ရက်တွင် နှစ်ဖက်လက်မှတ်ရေးထိုးခဲ့သည့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲသဘောတူညီချက်ကို ချိုးဖောက်ခြင်းဖြစ်ကြောင်းလည်း ဗိုလ်ချုပ် ဝင်းထိုင်းက ပြောကြားသည်။
ပဏာမသုံးသပ်ချက်များအရ အဆိုပါဖြစ်စဉ်သည် ထိုနယ်မြေသို့ အသစ်ရောက်ရှိလာသည့် ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်များက စည်းမျဉ်းစည်းကမ်းများနှင့် အမိန့်ပေးစနစ်များကို ကျွမ်းကျင်မှုမရှိခြင်းကြောင့် မှားယွင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း သိရသည်။
ထိုင်းစစ်တပ်အနေဖြင့် ကြိုတင်ကာကွယ်မှုများကို တိုးမြှင့်ထားပြီး တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ၏ လုံခြုံရေးကို အမြင့်ဆုံးဦးစားပေးအဖြစ် ထားရှိလုပ်ဆောင်နေကြောင်း ဗိုလ်ချုပ် ဝင်းထိုင်းက ပြောကြားခဲ့သည်။
