အင်အားနည်းလာသည့် စစ်ကော်မရှင်က ရဲတပ်ဖွဲ့ဝင်များကို ဖုတ်ပူမီးတိုက် သင်တန်းပေးကာ ရှေ့တန်းပို့ဆောင်နေ

ဓာတ်ပုံ - MOI
ပုံစာ - မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကို အထူးစစ်နည်းဗျူဟာသင်တန်း အပါအဝင် စစ်ဘက်ဆိုင်ရာသင်တန်းများ ပို့ချပေးရန် ညွှန်ကြားခြင်းသည် ရှေ့တန်းသို့ ပို့ဆောင်ရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း CDM အရာရှိများက ပြောသည်။

ရဲတပ်ဖွဲ့ဝင်များကို လက်နက်ကြီး၊ စစ်နည်းဗျူဟာ၊ မြေပုံဖတ်ခြင်းနှင့် အထူးစစ်နည်းဗျူဟာသင်တန်းများ ပို့ချရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်က ဖေဖော်ဝါရီလ တတိယအပတ်အတွင်း သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးအသီးသီးသို့ ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတစ်ဝန်း စစ်မျက်နှာဖွင့်နေရသည့် စစ်ကော်မရှင်က တပ်ဖွဲ့ဝင်အင်အား လိုအပ်ချက်ရှိနေချိန်တွင် ပြည်သူ့စစ်မှုထမ်းတပ်သားများထက် အမိန့်နာခံမှုရှိသည့် ရဲတပ်ဖွဲ့ဝင်များကို ဖုတ်ပူမီးတိုက် သင်တန်းပေးကာ ရှေ့တန်းသို့ ပို့ဆောင်ခြင်းဖြစ်ကြောင်း တပ်မတော် CDM ဗိုလ်ကြီးတစ်ဦးက MPA သို့ ပြောသည်။

“ရဲမပြောနဲ့လေ၊ မီးသတ်တပ်ဖွဲ့တွေတောင်မှ စစ်တပ်ရဲ့ အရန်တပ်ဖွဲ့အင်အားပဲလေ၊ လိုအပ်ရင် သုံးရမှာပဲ။ စစ်တပ်မှာ လက်နက်ကြီးဆို လက်နက်ကြီးသမား၊ စက်လက်ဆို စက်လက်၊ မြေပုံဆို မြေပုံ အခုက အဲဒီလိုမျိုး သီးသန့်မရှိတော့ဘူး၊ အင်အားနည်းလာတယ်။ ကြုံရင် ကြုံတဲ့သူက ချနေရတာ။ အခု (ပစ) တွေဆို အမိန့်နာခံမှု အားမကောင်းဘူး။ ရဲဆိုတာ အမိန့်နာခံမှုရှိတယ်လေ၊ အဲဒီတော့ ဒီရဲတွေကို အရေးပေါ် သင်တန်းပြန်ပေး၊ မီးပူတိုက်ပြီး အတူတူ ရှေ့တန်းစစ်မြေပြင်မှာ အသုံးချဖို့ပါ” ဟု ၎င်းက သုံးသပ်သည်။

အဆိုပါသင်တန်းကို မတ်လကုန် ဧပြီလအစောပိုင်းတွင် တိုင်းစစ်ဌာနချုပ်နှင့် သင်တန်းကျောင်းအချို့၌ စတင်ဖွင့်လှစ်မည်ဖြစ်သည်။ တစ်ပတ်ကြာ ဖွင့်လှစ်မည့်သင်တန်းကို စစ်တပ်ဘက်က စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ဆယ်နှစ်ကျော်ခန့် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ရဲတပ်ကြပ်ဟောင်းတစ်ဦးက ရဲတပ်ဖွဲ့ဝင်အများစုမှာ သင်တန်းတက်ရောက်ချိန်တွင်သာ သေနတ်ပစ်ဖူးပြီး၊ အချို့ဆိုလျှင် သေနတ်အခေါ်အဝေါ်နှင့် မည်ကဲ့သို့ အသုံးပြုရမည်ကိုပင် မသိရှိသူများ ရှိနေကြောင်း ဆိုသည်။

“တိုက်ပွဲဖြစ်ရင် စစ်နည်းဗျူဟာအကြောင်းကို ကောင်းကောင်းမသိနေဘူး၊ တချို့ဆို သေနတ်လောက်ပဲ ပစ်တတ်တာ၊ ဖြုတ်တပ်တာတောင် မသိဘူး။ လက်နက်ကြီးဆို မပြောနဲ့တော့၊ အဲဒါကြောင့်မို့ အခုလို သင်တန်းပေးတာ ဖြစ်နိုင်တယ်” ဟု ၎င်းက ပြောသည်။

ညွှန်ကြားချက်အရ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးများတွင် တာဝန်ထမ်းဆောင်နေသည့် အောက်ခြေရဲဘော်မှအစ ဒုရဲအုပ်အဆင့်အထိ သင်တန်းတက်ရောက်ရမည်ဖြစ်ပြီး၊ သင်တန်းဆင်းပါက စစ်မျက်နှာဖွင့်ထားရသည့် နယ်မြေများတွင် အလှည့်ကျ တာဝန်ထမ်းဆောင်ရမည်ဟု မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။

“အခြားတိုင်းနဲ့ ပြည်နယ်တော့ မသွားရဘူးပြောတယ်၊ မွန်မှာဆိုရင် အခု နယ်မြေအေးချမ်းမှုမရှိတဲ့ ကျိုက်ထို၊ ဘီးလင်း၊ ရေးတို့ အဲဒီဘက်စခန်းမှာ တာဝန်ထမ်းဆောင်ရမယ်လို့ ကြားသိထားရတယ်။ လိုအပ်ရင် ရှေ့တန်းစခန်းမှာ တာဝန်ထမ်းဆောင်ရမယ်ပြောတယ်” ဟု ၎င်းက ဆိုသည်။

မွန်ပြည်နယ်အတွင်း မြို့နယ်အချို့၌ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး အပါအဝင် ရဲကင်းစခန်းအချို့ကို တော်လှန်ရေးတပ်များက ဒရုန်း၊ လက်နက်ကြီးများဖြင့် မကြာခဏ တိုက်ခိုက်နေသည့်အတွက် ရဲတပ်ဖွဲ့ဝင်များက စခန်းကို စွန့်ခွာသွားကြပြီး ယင်းစခန်းများတွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်အချို့က တပ်စွဲထားသည်။

တော်လှန်ရေးတပ်ဖွဲ့များ၏ ပြောဆိုချက်အရ မွန်၊ ကရင်၊ တနင်္သာရီတိုင်း ရှေ့တန်းစစ်မျက်နှာများတွင် ရဲတပ်ဖွဲ့ဝင် အသုံးပြုမှု နည်းပါးသော်လည်း လွန်ခဲ့သည့် တစ်နှစ်ကျော်ခန့်ကစပြီး ရှေ့တန်းစခန်းများ၊ စစ်ကြောင်းများနှင့် တပ်စွဲထားသည့် နေရာအချို့တွင် ရဲတပ်ဖွဲ့ဝင်များကို ပိုမိုအသုံးပြုလာကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ GTC တပ်စခန်းသိမ်းတိုက်ပွဲတွင် စစ်တပ်နှင့်အတူ တပ်စွဲထားသည့် ရဲတပ်ဖွဲ့ဝင်အချို့ကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း ဒူးရယစစ်ကြောင်းက ထုတ်ပြန်ထားသည်။