ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် AA တပ်ဖွဲ့ဝင်ဟုဆိုသူ သုံးဦး ဖမ်းဆီးခံရ၊ AA တပ်ဖွဲ့ဝင် ဟုတ်၊ မဟုတ် အတည်မပြုနိုင်သေး

ဓာတ်ပုံ-ဘင်္ဂလားဒေ့ရှ် သတင်းဌာနတစ်ခု
ပုံစာ- ဖမ်းဆီးခံထားရသူ သုံးဦးအားတွေ့ရစဉ်

ရခိုင်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် အေအေ (AA) တပ်ဖွဲ့ဝင်သုံးဦးကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က ဖမ်းဆီးလိုက်ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက သတင်းများ ထွက်ပေါ်နေခဲ့သည်။

အရပ်ဝတ်နှင့် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာမှုကြောင့် ဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ သတင်းဌာနအချို့မှ သတင်းရေးသား ဖော်ပြထားကြသည်။

ယင်းသို့ ရေးသားဖော်ပြရာ၌ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ညနေပိုင်းတွင် အရပ်ဝတ်နှင့် အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်သုံးဦးကို ဘင်ဒရိုဘင် (Bandarban) ခရိုင်၊ နတ်ချောင်းဆရီ (Naikhochori) မြို့နယ်၊ အမ်တိုလီ (Amtoli) နယ်စပ်ရှိ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) က ဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ဖမ်းဆီးရမိသူ သုံးဦးအား သက်ဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေးမေးမြန်းမှုအရ ၎င်းတို့သည် အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း ကိုယ်တိုင်ထုတ်ဖော် ပြောဆိုခဲ့သည်ဟု ရေးသားဖော်ပြထားသည်။

သို့သော် အဆိုပါ ဖမ်းဆီးခံရသူသုံးဦးမှာ အေအေတပ်ဖွဲ့ဝင်များ ဟုတ်၊ မဟုတ် သေချာစွာ အတည်မပြုနိုင်သေးကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများသာ ဖြစ်နိုင်ကြောင်း ယင်းနိုင်ငံသားတစ်ဦးက MPA သို့ ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရခိုင်အမျိုးသားတစ်ဦးက “အေအေလား ဆိုတာတော့ အတည်မပြုနိုင်သေးပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေလို့ ထင်ပါတယ်။ ဘင်္ဂလားဒေ့ရှ် တောင်တန်းနယ်က ရခိုင်မျိုးနွယ်စု ဖြစ်တာတော့ သေချာပါတယ်” ဟု ပြောသည်။

အမ်တိုလီနယ်စပ်တွင် BGB က ဖမ်းဆီးခဲ့သည့် အဆိုပါ အမျိုးသားသုံးဦးထံမှ မြန်မာကျပ်ငွေများကိုလည်း သိမ်းဆည်းရမိခဲ့ပြီး၊ ဥပဒေအရ အရေးယူနိုင်ရေးအတွက် နယ်မြေခံရဲစခန်းသို့ လွှဲပြောင်းပေးလိုက်သည်ဟု ဘင်္ဂလားဒေ့ရှ် သတင်းများတွင် ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။

နောက်ထပ် ရခိုင်အမျိုးသားတစ်ဦးကလည်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က ဖမ်းဆီးလိုက်သည့် အမျိုးသားသုံးဦးမှာ AA တပ်ဖွဲ့ဝင်များ ဟုတ်၊ မဟုတ် စုံစမ်းမေးမြန်းနေဆဲဖြစ်သည်ဟု ဆိုသည်။

“သတင်းတွေမှာတော့ ဖတ်ရတယ်။ ဒါပေမဲ့ အေအေတပ်ဖွဲ့ဝင် ဟုတ်၊ မဟုတ် အတိအကျ စုံစမ်းနေပါတယ်။ အရပ်သားလည်း ဖြစ်နိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဖမ်းဆီးခံရသူ သုံးဦးနှင့် ပတ်သက်ပြီး အေအေတပ်ဖွဲ့ဝင်များ ဟုတ်၊ မဟုတ်ကို အေအေ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခအား မေးမြန်းထားဆဲ ဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က အေအေက ဖမ်းဆီးထိန်းသိမ်းထားသည့် ဘင်္ဂလားဒေ့ရှ် ရေလုပ်သား ၇၃ ဦးကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် လက်ထဲသို့ ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့သည်။

ထိုသို့ ပြုလုပ်ခြင်းသည် ရခိုင်-ဘင်္ဂလားဒေ့ရှ် နှစ်ဖက်ဆက်ဆံရေးအတွက် အပြုသဘောဆောင်သည့် ချိတ်ဆက်မှုဟု ဆိုနိုင်သော်လည်း စိတ်ချရသည့် အခြေအနေသို့ မရောက်ရှိသေးကြောင်း မောင်တောဒေသခံတစ်ဦးက သုံးသပ်သည်။

“သံတမန်ရေးအရ အချိတ်အဆက်မိမိနဲ့ လုပ်နေကြတာရှိပေမဲ့ တခြားတစ်ဖက်မှာ အထူးသဖြင့် နယ်စပ်မှာတော့ ယုံကြည်လို့ မရသေးတဲ့ အခြေအနေမှာ ရှိနေတယ်။ ဘာလို့လဲဆိုတော့ ကုန်သွယ်မှုအခြေအနေကလည်း စိတ်မချရသေးဘူး။ အဖမ်းအဆီးတွေလည်း ရှိနေဆဲဖြစ်တယ်” ဟု၎င်းက ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဒီမိုကရေစီ ခရီးလမ်းသစ်တွင် တာဝန်ယူ စတင်လိုက်သည့် အစိုးရသစ်အား ရက္ခိုင့်တပ်တော် (AA) က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ကြောင်း ယင်းနိုင်ငံပိုင် သတင်းစာက ရေးသားဖော်ပြခဲ့သည်။

ယင်းသို့ သဝဏ်လွှာပေးပို့ရာတွင် ဘင်္ဂလားဒေ့ရှ်နှင့် ရခိုင်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် လမ်းကြောင်းသစ်တစ်ခုကို ရေးဆွဲရန် နှစ်ဖက်စလုံးတွင် အခွင့်အရေးရှိကြောင်း အေအေက ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်ဟု ဆိုသည်။